မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ထဲက တပွင်ရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မင်းဘူးခရိုင် တပ်ရင်း-၃ က တိုက်ခိုက် မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး ပျူစောထီး ၂ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါရဲစခန်းမှာ စခန်းချ တပ်စွဲထားတဲ့ ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅၊ ကပစ ၂၀ ပူးပေါင်းတပ်ဖွဲ့ အင်အား ၄၀ လောက်ကို ပြီးခဲ့တဲ့ ဇွန် ၁၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်လောက်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ချိန်မှာ ရန်သူ့တပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြတာဖြစ်ပြီး ဆိုင်ကယ်တစီးနဲ့ ရိက္ခာအနည်းငယ် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဘက်ကတော့ ရန်သူစွန့်သွားတဲ့ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်) က အသိပေး ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာလည်း မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
NUG အစိုးရကတော့ အစိုးရဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃၀,၀၀၀ လောက် ထိခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁၀,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။