ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ ဇွန် ၁၉ ရက်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ် လုပ်ဆောင်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဒေသခံ ၃ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က“မနေ့ညနေပိုင်းက ဖမ်းဆီးလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ပန်းသပိတ်လှုပ်ရှားမှုတွေကို လူမှုကွန်ရက်ပေါ် ဖြန့်ချိတယ်ဆိုလို့ စစ်တပ်ထောက်ခံသူတွေထဲက သတင်းပေးတွေကြောင့် ဖမ်းဆီးခံရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။
အခုဖမ်းဆီးခံရသူတွေဟာ တာပွန်မြို့က မဝင်းလေး၊ နတ်တလင်းမြို့ ရွာသာကုန်းရွာက ကိုသန့်ဇင်ထက်နဲ့ နတ်တလင်းမြို့ပေါ်က မခင်ပြည့်ပြည့်အောင်တို့ဖြစ် လက်ရှိမှာတော့ နတ်တလင်း မြို့မရဲစခန်းမှာ ထိန်းသိမ်းထားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ကို မြန်မာနိုင်ငံ နေရပ်အသီးသီးမှာ ကျင်းပခဲ့သလို ပြည်ပနိုင်ငံများ အဝေးရောက်မြန်မာမိသားစုများက ပါဝင်ကျင်းပသွားခဲ့ပေမဲ့ ပြည်တွင်းမှာ ပန်းသပိတ်ကြောင့် ဖမ်းဆီးခံထားရတဲ့သူ ၁ ဒါဇင်ကျော်လောက် ရှိပါတယ်။