ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ့်ဖာလုံမြို့နယ်ထဲက သွဲ့ထိုင်းကျေးရွာ အုပ်စုထဲမှာ မြန်မာနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာမယ့် ဘန်ကောက်နံပါတ်ပြားပါ ကားတစီးကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
ဇွန် ၁၈ ရက် ညနေပိုင်းက မုန်းအိမ်ရှစ်လုံးရွာ အပိုင်နားကို ချင်းရိုင်နယ်ခြားစောင့်တပ်နဲ့ ချောင်တာ့ချ်တပ်ရင်း အမှတ် ၁ နဲ့ ထိုင်းအာဏာပိုင်တွေက နယ်စပ်လုံခြံရေးတာဝန် ထမ်းဆောင်နေစဥ် အစိမ်းရောင် 4Wheel ကားတစီး မောင်းနှင်လာတာကို မသင်္ကာဖွယ် တွေ့ရှိတဲ့အတွက် စစ်ဆေးဖို့ ကြိုးစားရာ ကားကို မယ်ဆိုင်ချောင်းအစပ်မှာ ရပ်တန့်ကာ မောင်းနှင်သူ ထွက်ပြေးသွားခဲ့တာပါ။
ကားကိုစစ်ဆေးရာ HC-4715 ဘန်ကောက်လိုင်စင် အမျိုးအစားဖြစ်ပြီး စာရွက်စာတမ်း အပြည့်အစုံကို စစ်ဆေးတွေ့ရှိရတဲ့အတွက် မယ့်ဖလုံရဲစခန်းက လာရောက်ဆွဲယူသွားခဲ့ပြီး သိမ်းဆည်းထားတယ်လို့ ဖော်ပြထားပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်နဲ့ အာဏာပိုင်တွေက မှောင်ခိုကွင်းဆက်တရားခံတွေကို ဖော်ထုတ်ဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုထားပြီး ဒါက မြန်မာနိုင်ငံထဲကို သယ်ယူမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ကနေ တရားမဝင် မှောင်ခိုမှုတွေ များပြားလာတဲ့အတွက် ထိုင်းနယ်ခြားစောင့်တပ်နဲ့ မြန်မာစစ်ကောင်စီတပ်တို့ နယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၅ ရက်ကလည်း ကားတစီးပေါ်မှာ ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံထဲကို လျှို့ဝှက်သယ်ဆောင်လာတဲ့ ဆိုင်ကယ်နှစ်စီးကို တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား ၁ မှာ တကြိမ်နဲ့ မေ ၅ ရက်မှာ ထိုင်းနိုင်ငံထဲကနေ မြန်မာနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းက ဝင်ရောက်မယ့် ဆိုင်ကယ် ၁၅ စီးကို မယ်ဆိုင်မြို့ ဝိုင်ဖမ်းခမ်းလမ်းထဲက နေအိမ်မှာ ဖမ်းဆီးရမိခဲ့ပါသေးတယ်။