ရန်ကုန်တိုင်း သာကေတမြို့နယ် ၆/ အရှေ့ရပ်ကွက် ရှုခင်းသာလမ်းနဲ့ အောင်သုခလမ်းထောင့်မှာ ရှိတဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး ဒီနေ့ညနေ ၄ နာရီကျော်က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
အောင်သုခလမ်းထောင်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီနေ့ညနေ ၄ နာရီကျော်က ဗုံးပေါက်ကွဲခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများရှိတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"ရုံးထဲမှာပေါက်တာ၊ ရုံးတံခါးမှန်တွေ ကွဲထွက်ကုန်တယ်၊ အသံအတော်ပြင်းတယ်၊ လူထိခိုက်မှုတော့မရှိဘူး၊ စစ်တပ်က စစ်ဆေးနေတယ်။"
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ ရှုခင်းသာလမ်းတလျှောက် ကားတွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒီနေ့ မနက်ကလည်း ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ မင်းနန္ဒာလမ်းရှိ ဗိုလ်တထောင်ခရိုင်နဲ့ သင်္ဃန်းကျွန်းခရိုင် ဥပဒေရုံးနဲ့ မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက်တို့မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး ၄ လုံးကို တွေ့ရှိခဲ့ပါတယ်။
မနေ့ညကလည်း ရန်ကုန်မှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ၅၃၂ တပ်ရင်း၊ ထားဝယ်ချောင်ရဲစခန်းနဲ့ ခရိုင်တရားရုံးကို ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ Freeland Attack Force-FLA၊ Emerald Girls Army-EGA နဲ့ Anonymous Fighters Force-AFF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။