စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့တွေမှာရှိတဲ့ အထင်ကရဘုရားတွေ ရှိရာနေရာမှာ စစ်ကောင်စီတပ်တွေက ဒီနေ့ ဇွန် ၁၉ ရက်နေ့မှာ ဖမ်းဆီးစစ်ဆေးနေတယ်ပြီး နှင်းဆီပန်းပါလာတဲ့ ပြည်သူတွေကို ဘုရားဖူးခွင့်မပေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီနေ့ ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့အတွက် ပြည်သူအများက ဘုရားမှာ ဆုတောင်းပွဲပြုလုပ်ပေးတာကို ကြိုတင်ကန့်သတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းဒေသခံ ပြည်သူတဦးက “သူတို့ အရမ်းကြောက်နေကြတာ။ ဘုရားလာတဲ့သူကိုတောင် စစ်ဆေးတယ်ဆိုတော့ စဉ်စားကြည့်ဗျ။ နှင်းဆီပန်းနဲ့ဆိုရင် ဘုရားထဲပေးမဝင်ဘူး။ နောက်ပြီး ဖုန်းတွေစစ်တယ်။ ဒါမျိုးလုပ်တာတွေက ဘုရားလာတဲ့သူတွေအနေနဲ့ အတော်ကို စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ နောက်ပြီး ဘုရားအနီးမှာ ဘုရားပန်းရောင်းနေတဲ့ ဈေးသည်တွေကိုလည်း ဒီနေ့ ဘာဘုရားပန်းမှ မရောင်းရဘူး၊ ပြန်လွှတ်တာတွေလည်း ရှိတယ်။ ကျနော် မန္တလေးဘက်က အသိတွေဆီ ဖုန်းဆက်ကြည့်တော့လည်း သူတို့မန္တလေးဘက်လည်း အခုလို ပိတ်ပင်တားဆီးတာတွေ ရှိနေတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ဆားတောင်မြို့စတဲ့ မြို့ကြီးအများအပြားက ဒေသခံပြည်သူတွေဟာ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲအတွက် ဘုရားမှာ ဆုတောင်းတာတွေ ပြည်သူအများက ပြုလုပ်ကြတာကြောင့် ဘုရားပန်းတွေ ပြတ်လပ်တဲ့အထိ ဖြစ်သွားရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။