ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်မှာ ဇွန် ၁၆ ရက် မွန်းလွဲပိုင်းက နမ်ဆန်ယန် အရှေ့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိထားကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“မနေ့က နမ်ဆန်ယန်ဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်ခန့်ကို ခုခံလိုက်နိုင်တယ်။ စစ်ကောင်စီဘက်က လက်နက်ခဲယမ်းပစ္စည်းတွေ ကျန်ခဲ့ကြတယ်” လို့ ကေအိုင်အေ ရှေ့တန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
နမ်ဆန်ယန်ရွာ အရှေ့ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း နမ်ဆန်တံတားကို ဖြတ်ကျော်လာချိန် ကေအိုင်အေဘက်က စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
နမ်ဆန်ယန်ရွာအနီး လွယ်လွမ်အောင်ဂျာ၊ လဇိန်ကောင်ဘက် လက်နက်ကြီးသံတွေ ကြားနေခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“မနေ့က ၂ နာရီဝန်းကျင်ကနေ စဖြစ်တာ။ နောက်ထပ် တိုက်ပွဲပြန်ဖြစ်လာနိုင်တဲ့ အခြေအနေ ရှိတယ်။ ခုလောလောဆယ်လည်း စစ်ရေးတင်းမာနေတုန်းပဲ။ သတိနဲ့နေရမယ်။”
စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားရာက စစ်ကောင်စီတပ်တွေ လက်နက်ခဲယမ်းပစ္စည်းတွေ လွတ်ကျကျန်ခဲ့လို့ လက်နက်တချို့ သိမ်းဆည်းရရှိထားတယ်လို့ ကေအိုင်အေ ရှေ့တန်း အသိုင်းအဝိုင်းတဦးက ပြောပါတယ်။
“မနေ့က နမ်ဆန်ယန်က သိမ်းဆည်းရရှိနိုင်တဲ့ ပစ္စည်းတွေပါ” လို့ သူက ပုံတွေနဲ့ ရှင်းပြပါတယ်။
မဒီယန်၊ နမ်ဆန်ယန်၊ လဂျားယန်၊ နားလုံပါတွေမှာ ၂၀၁၁ က တိုက်ပွဲဖြစ်ခဲ့ဖူးပြီး ဒေသခံတွေ အများအပြား ဆယ်စုနှစ်တခုကျော် တိုက်ပွဲတိမ်းရှောင်ခဲ့ကာ ဒေသခံတချို့ အခုနှစ်အတွင်းမှာ နေရပ်ပြန်ခဲ့ကြတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။