နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန် ၁၉ ရက် ကျရောက်တဲ့ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပန်းသပိတ်ဆင်နွှဲကြတာကြောင့် ရန်ကုန်မြို့မှာ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်သားတွေက လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက် ၁၁ နာရီလောက်က မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်ထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီတပ်သား ၄ ဦးတို့ဟာ ဆိုင်ကယ်တွေနဲ့ လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မင်္ဂလာဒုံမြို့နယ်မှ ပြည်သူတဦးက “ပန်းထိုးထားတဲ့ဆိုင်ကို အုပ်ချုပ်ရေးမှူးနဲ့ စစ်သားတွေ ၄ ယောက် ရောက်လာပြီး ဆိုင်မှာ ပန်းထိုး၊ ပန်းကြဲတဲ့ကိစ္စကို ဘာအဓိပ္ပာယ်လဲလို့ မေးတာ။ ဆိုင်စျေးရောင်းကောင်းအောင် ယတြာချေထားတာလို့ လိမ်လိုက်ရတယ်။ ယတြာချေချင်ရင် နောက်မှလုပ်၊ ပန်းကို ချေပစ်ခိုင်းတယ်။ ခေါင်းပေါ် ပန်းပန်ထားတာတွေ့ရင် ဒီနေ့ကို ပန်းမပန်ရဘူး၊ နောက်ရက်မှ ပန်ရမယ်ဆိုပြီး ခြိမ်းခြောက်မှုတွေ ကြုံခဲ့ရတယ်” လို့ ပြောပါတယ်။
နိုင်ငံအနှံ့အပြားရှိ ပြည်သူတွေ၊ အဝေးရောက်ပြည်သူတွေ အနေနဲ့လည်း ပန်းသပိတ်အနေနဲ့ ဘုရားပန်းအိုး အသစ်တင်တာ၊ ပန်းတွေပန်ဆင်တာ၊ ပန်းတွေပြင်ဆင်တာ စတဲ့ ပန်းနဲ့ဆက်နွှယ်တဲ့ လှုပ်ရှားမှုမျိုးစုံမှာ ပါဝင်ပေးဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတာ ဖြစ်ပါတယ်။
“မနက်ကတည်းက ဆိုင်ကယ် ၃ စီးနဲ့ ရပ်ကွက်ထဲပတ်နေတာ၊ ပန်းတွေတွေ့လို့ မေးတဲ့အခါ သူတို့ကို မချေမငံဆက်ဆံရင် ဖမ်းမယ့်ပုံစံမျိုး၊ ပြေပြေလည်လည်ပြောရင် ရသေးတယ်။ သူတို့ရှေ့မှာတွေ့တဲ့ ပန်းတွေကိုဆိုရင် အစိတ်စိတ်အမြွှာမြွှာ ချေပစ်သွားတယ်” လို့ ကိုယ်တိုင် မြင်တွေ့ရတဲ့ မင်္ဂလာဒုံမြို့နယ်နေ ပြည်သူတဦးက ပြောပါတယ်။
စစ်တပ်က မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တိုင်းမှာ ပြည်သူလူထုအနေနဲ့ နည်မျိုးစုံအသုံးပြုကာ တော်လှန်မွေးနေ့သပိတ်တွေကို ကျင်းပလာတာ ၃ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။
တဖက်မှာလည်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ပန်းသပိတ်တွေမှာ ပါဝင်နေသူတွေကို ဖမ်းဆီးအရေးယူဖို့ စောင့်ကြည့်နေတာတွေလည်း ရှိနေပါတယ်။