စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်စစ်ပုံရွာအနီးက စစ်ကောင်စီ အမြောက်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဇွန် ၁၈ ရက် ညနေ ၅ နာရီကျော်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
အခုလို သွားရောက်တိုက်ခိုက်ပြီး ခဏအကြာမှာ စစ်ကောင်စီက ကျောက်စစ်ပုံတောင်ရွာ၊ ကျောက်စစ်ပုံ မြောက်ရွာဘက်တွေစီ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံခေါင်းဆောင်တွေက ပြောပါတယ်။
ကျောက်ဆည်ခရိုင် တပ်ရင်း-၁ နဂါနီတပ်ရင်းရဲ့ ဒုတပ်ရင်းမှူး ဆရာလေးက “ကျနော်တို့ စကစအမြောက်တပ်စခန်းကို ဒရုန်းအရေအတွက် ၅ စီး ဗုံးသီးချ တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်။ ဗုံးသီးအရေအတွက်က ၉ လုံးနဲ့ တိုက်ခိုက်ခဲ့တာ။ ကျနော်တို့ ဗုံးသီးချတဲ့ နေရာတွေက အရာရှိသီးသန့်နေတဲ့ အဆောက်အဦရယ်၊ လက်နက်ခဲယမ်းတိုက် ၂ နေရာကို တိုက်ခိုက်ခဲ့တာဗျ။ ဒီနေ့ တပ်တွင်းဖရဲသီးရဲ့ ပြန်ပြောပြချက်အရ နှစ်ပွင့်ဗိုလ်ကြီး အပါအဝင် သုံးဦးသေ၊ ငါးဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ သိထားရတယ်။ ကိုယ့်ဘက်က ရဲဘော်တွေတော့ အကျအဆုံးမရှိခဲ့ဘူး။ ဒရုန်းတစီးတော့ ဆုံးရှုံးခဲ့တယ်” လို့ ပြောပါတယ်။
အခုတိုက်ပွဲကို မြင်းခြံခရိုင် တပ်ရင်း-၇ Zero ပြောက်ကျားတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင် တပ်ရင်း-၁ (နဂါးနီတပ်ရင်း)၊ MRTF Drone NDRF အဖွဲ့ တို့ ပူးပေါင်းပစ်ခတ်ခဲ့တာလို့ သိရပါတယ်။