တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာနားမှာ ခရီးသည်တင်မော်တော်ယာဉ်တွေနဲ့ ရောနှောလိုက်ပါလာတဲ့ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဇွန် ၁၇ ရက် မွန်းလွဲ ၂ နာရီမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း ၁ ကထုတ်ပြန်ပါတယ်။
မြိတ်ခရိုင်တပ်ရင်း ၁ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “စစ်ကောင်စီရဲ့ ပလစစ်ဆေးရေးဂိတ်နဲ့ မကျည်းကုန်းစစ်ဆေးရေးဂိတ်ကနေ ကားတွေကို တပြိုင်တည်း လွှတ်လိုက်တော့ ယာဉ်တန်းအရှည်ကြီးဖြစ်သွားတယ်။ အဲဒီယာဉ်တန်းတွေနဲ့အတူ စစ်ကောင်စီတပ်တွေက ရောပြီးလိုက်ပါလာတာ။ ပဝတ်ကုန်းရွာအနီးနားမှာ ယာဉ်တွေကို ရှောင်တခင်ဝင်စစ်ဆေးနေရင်းနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာပါ” လို့ ပြောပါတယ်။
တိုက်ပွဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးဘက်က ထိခိုက်သေဆုံးသူ မရှိဘဲ ကျောက်ကားယာဉ်မောင်း ၁ ဦးသေဆုံးကာ စစ်တပ်က ထိခိုက်ကျဆုံးတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပေမဲ့ အတိအကျကိုတော့ သီးခြားအတည်မပြုနိုင်ပါဘူး။
ဒေသခံတဦးက “ပလစစ်ဆေးရေးဂိတ်မှာ ၈ နာရီခွဲလောက်ကနေစပြီး ခရီးသည်ကားတွေကို စပိတ်တယ်။ ၉ နာရီလောက်မှာ တိုစခန်းတောင်ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်တာ။ လက်နက်ကြီးကျတဲ့နေရာက ကဒဲ၊ သင်္ကန်းတော၊ ပဝတ်ကုန်းနဲ့ မြဒေါင်ဘက်ကိုကျတယ်။ ထိခိုက်ပျက်စီးတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ဇွန် ၁၀ ရက်က ဒေသခံပြည်သူ့ကာကွယ်ရေးဘက်က ပုလော-မြိတ်ပြည်ထောင်စုလမ်းမကြီးကို ည ၇ နာရီမှ မနက် ၄ နာရီအထိ ဖြတ်သန်းသွားလာခွင့်မပြုကြဖို့ သတိပေးထုတ်ပြန်ထားပြီး လုံခြုံရေးအရ ရှောင်တခင်စစ်ဆေးခြင်းကို အသာတကြည် ရပ်တန့် ပူးပေါင်းပေးကြဖို့ မေတ္တာရပ်ခံထားပါသေးတယ်။