တပ်တည်ထောင်ခဲ့တဲ့ ၂ နှစ်အတွင်း ထိတွေ့တိုက်ပွဲ ၈၄ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား အယောက် ၅၄၀ လောက် သေဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ် (MBPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
တပ်ဖွဲ့စည်းတည်ထောင်တာ ၂ နှစ်ပြည့်ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော် ၂၃ ယောက်ဟာလည်း ဖက်ဒရယ် ဒီမိုကရေစီ တော်လှန်ရေးမှာ တိုင်းပြည်အတွက် အသက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က လက်မခံခဲ့ဘဲ မတရားအာဏာသိမ်းခဲ့တာကြောင့် နိုင်ငံတဝန်းမှာ ဆန့်ကျင် ဆန္ဒပြခဲ့ကြပြီးနောက် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တွေလည်း နိုင်ငံအနှံ့မှာ ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။
မိုးဗြဲမြို့က ဖက်ဒရယ်ဒီမိုကရေစီကို လိုလားကြတဲ့သူတွေဟာလည်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတောင်းဆိုခဲ့ကြပေမယ့် စစ်တပ်က လက်နက်နဲ့အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးခဲ့တာကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးနဲ့ တော်လှန်ရေးအင်အား ပိုပြီးတောင့်တင်း ခိုင်မာလာစေဖို့ မိုးဗြဲပြည်သူကာကွယ်ရေးတပ် (MBPDF) ကို ၂၀၂၁ ခုနှစ် ဇွန် ၁၇ ရက်နေ့မှာ တရားဝင် ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။
မိုးဗြဲပြည်သူကာကွယ်ရေးတပ် (MBPDF) ဟာ ဒီနေ့အချိန်အထိ မဟာမိတ်တပ်တွေနဲ့အတူ အကြမ်းဖက်စစ်ကောင်စီနဲ့ တိုက်ပွဲ ၈၄ ကြိမ် ထိပ်တိုက်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က အယောက် ၅၄၀ သေဆုံးခဲ့ပြီး အမြောက်အမြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ စစ်ကောင်စီအာဏာသိမ်းချိန်ကစလို့ ဒီနေ့အချိန်အထိ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် မိုးဗြဲမြို့နယ်ထဲမှာ အပြစ်မဲ့ပြည်သူ ၄၃ ယောက် သေဆုံးပြီး ၄၄ ယောက် ဒဏ်ရာရခဲ့သလို ဘာသာရေးဝတ်ပြုရာဘုရားကျောင်းနဲ့ အဆောက်အဦအပါအဝင် ပြည်သူပိုင်အိုးအိမ် အလုံး ၆၀ လောက် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ဟာ တပ် တည်ထောင်တာ ၂ နှစ်ပြည့်မှာပဲ ဖက်ဒရယ်ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့အညီ တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး၊ တပ်ရေးအရာရှိနဲ့ တပ်ခွဲမှူးတွေကို ပြန်လည်ရွေးချယ်ခဲ့ပြီး မနေ့ကပဲ တပ်ရင်းဆိုင်ရာ တာဝန်တွေ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။