ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့ဘိန်းတိုက်နယ်၊ နောင်ခေတ်ကမာကျမ်းရပ်ကွက်ရှိ ရေကန်တခုထဲမှာ ရေနစ်သေဆုံးနေတဲ့ ကလေးငယ် ၂ ဦးရဲ့ ရုပ်အလောင်းကို ဇွန်လ ၁၇ ရက် ညနေပိုင်းက ဆယ်ယူနိုင်ခဲ့တယ်လို့ ရမ္မဝတီလူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၃ နှစ်အရွယ် မိန်းကလေး ၂ ဦးဖြစ်ပြီး ရပ်ကွက်အတူနေ အိမ်နီးနားချင်းတွေပါ။
ကလေးငယ် ၂ ဦးဟာ နေ့လယ် ၁ နာရီဝန်းကျင်ကတည်းက ပျောက်ဆုံးနေတာလို့ သိရပြီး ကလေးမိဘတွေက ကူညီရှာဖွေဖို့ လူမှုကူညီရေးအသင်းတွေကို ဆက်သွယ်ခဲ့ကြပါတယ်။
ရမ္မဝတီလူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက "နေ့လယ်ပိုင်းလောက်က နစ်တယ် ပြောတယ်၊ ကလေးနှစ်ယောက်ရဲ့ ဖိနပ် နှစ်ရံကို ရေကန်နားမှာ တွေ့တယ် ပြောတယ်၊ အဲ့ဒီမှာ ပေါ်လာတဲ့အချိန်မှာ သူတို့ အဖေအမေတွေ တွေ့တယ်၊ အဲ့ဒီမှာ လူမှုကယ်ဆယ်ရေးက သွားဆယ်ပေးတာ၊ ကန်က လူကြီး ၄၊ ၅ ရပ်စာလောက်ရှိတယ် " လို့ ဆိုပါတယ်။
ကလေးတွေ ပျောက်ဆုံးသွားတဲ့ နေရာနဲ့ မနီးမဝေးမှာ ရှိတဲ့ ရေကန်ဘောင်မှာ ကလေးစီး ဖိနပ် နှစ်ရံ တွေ့ရှိခဲ့ကြပြီး ကလေးတွေရဲ့ ရုပ်အလောင်းပေါ်လာချိန် ညနေ ၄နာရီ ၄၅ မိနစ်ခန့်မှာ ကယ်ဆယ်ရေးအသင်းက ရုပ်အလောင်း နှစ်ခုစလုံးကို ဆယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကလေးငယ် ၂ ဦးရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာဆေးရုံ ပို့ဆောင်စစ်ဆေးအတည်ပြုပေးခဲ့ကြပြီး ကော့ဘိန်းတိုက်နယ် သုဿန်မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
ဓာတ်ပုံ[ ရမ္မဝတီလူမှုကယ်ဆယ်ရေးအသင်း]