ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ ဇွန်လအတွင်း မူးယစ်ဆေးဝါးတွေ ဆက်တိုက်ဖမ်းမိပေမဲ့ မပပျောက်ဘဲ ရောင်းချသူ ပိုများလာတယ်လို့ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အင်းစိန်မြို့နယ် ဒညင်းကုန်းရပ်ကွက် ပြည်တော်သာ ၁ လမ်းထိပ်မှာ ဇွန် ၁၆ ရက်နေ့ ည ၈ နာရီက ဆိုင်ကယ်စီးလာတဲ့ အမျိုးသားသုံးဦးထံမှ WY စိတ်ကြွဆေးပြား အလုံးရေ ၄ သိန်းကျော်ဖမ်းမိခဲ့ပြီး ဒီနေ့ မနက်လည်း ရွှေပြည်သာ ၈/၄ ရပ်ကွက်မှာ WY အလုံးရေ ၂ သိန်းကျော် ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဒီရက်တွေမှာ WY "Happy Water တွေ ဆေးခြောက်တွေမိနေတာပဲ၊ ဒါပေမဲ့ ပပျောက်သွားလားဆိုတော့ ပိုများလာတယ် ရောင်းတဲ့သူ၊ အခုဆို မိလိုက်ရင် အလုံးရေ သိန်းနဲ့ချီပြီးမိတယ်။"
WY စိတ်ကြွမူးယစ်ဆေးဝါး ၇ သိန်းကျော်နဲ့ လယ်ဝယ်တွေ့ရှိသူ ပြည့်စုံကျော်မင်း၊ ထူးခန့်နောင်၊ ဟိန်းခင်ဇော် တို့သုံးဦးကို အနောက်ပိုင်းခရိုင်မူးယစ်တပ်ဖွဲ့ကစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။
"မူးယစ်အဖွဲ့က ဖမ်းတယ်၊ ဒိုင်ကြီးတွေကို ပြခိုင်းတယ်၊ အနည်းအကျဥ်းနဲ့မိတဲ့သူ ပြန်လွှတ်ပေးတယ်၊ အင်ဖော်မာပြန်လုပ်ခိုင်းတယ်၊ အချို့ WY တွေဆို မူးယစ်က ပြန်ရောင်းခိုင်းတာ ဘယ်တော့မှ မပပျောက်ဘူး" လို့ အင်းစိန်မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
အင်းစိန်မြို့နယ် ဖော့ကန်စျေးအနီးမှာ ဇွန် ၆ ရက်က လူငယ်တဦးနဲ့အတူ WY စိတ်ကြွဆေးပြား သိန်းချီဖမ်းမိခဲ့သလို မှော်ဘီမြို့နယ်က လုပ်ငန်းရှင်တဦးကိုလည်း WY စိတ်ကြွဆေးပြား ၆.၈ သိန်းနဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။
အလားတူပင် ဇွန် ၁ ရက်မှ ၁၇ ရက်အတွင်း ဒလ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံမြို့နယ်တွေမှာ စိတ်ကြွဆေးပြား အလုံးရေ သိန်းချီဖမ်းမိခဲ့ပါတယ်။