၁။
စိုင်းဝင်းမြင့်၏ “တစ်ယောက်တည်းစကား” ကဗျာစာအုပ်တွင် ဆရာ မောင်သာနိုးက အမှာစာ ဝင်ရေးပေးထား၏။ “အမှောင်” ဟု အမည်ပေးထားသည့် ကဗျာအပေါ် မောင်သာနိုး၏ သဘောထားအမြင်ကို ကျနော်ဖတ်ရ၏။ သူက “အမှောင်” ဟု အမည်ပေးသည့်ကဗျာကို ခေါင်းစဉ်ကအစ ဝေဖန်၏။ အကြောင်းအရာမှာလည်း ကဗျာဖွဲ့လောက်သည့်ကိစ္စမဟုတ်၊ အရူးမတယောက် လင်ကောင်မပေါ်ဘဲ ကလေးမွေးသည့်ကိစ္စ၊ အဆန်းမဟုတ်ဟုဆိုကာ ဝေဖန်၏။ ဒါနဲ့တဆက်တည်း သည်လိုရိုးရှင်းသည့် ကဗျာမျိုး ရေးဖွဲ့မိခြင်းမှာ ခေတ်ပေါ်စာပေ အဖတ်နည်းသည့်အတွက်၊ အင်္ဂလိပ်စာ အဖတ်နည်းသည့်အတွက်ဟု ကောက်ချက်ချ၏။
ကျနော်ကတော့ “အမှောင်” ဟု အမည်ပေးထားသည့် ကဗျာအပေါ် ခေါင်းစဉ်နာမည်ပေးပုံကိစ္စ အဓိကထားပြီး မဆွေးနွေးလိုသော်လည်း ကဗျာတပုဒ်လုံးအပေါ် (အကြောင်းအရာ) ဆရာ မောင်သာနိုးနှင့် သဘောထားအမြင် မတူနိုင်အောင် ခံစားရ၏။ အထူးသဖြင့် “အရူးမတယောက် လင်ကောင်မပေါ်ဘဲ ကလေးမွေးသည့်ကိစ္စ အဆန်းမဟုတ်၊ စာဖွဲ့လောက်သည့်ကိစ္စမဟုတ်” ဟုဆိုသည့် မောင်သာနိုး၏ သဘောထားကို ဘဝင်မကျနိုင်အောင်ရှိ၏။ ထို့ကြောင့် စိုင်းဝင်းမြင့်၏ကဗျာကို ကျနော့်မှာ အသေအချာဖတ်ပြီး စဉ်းစားရလေသည်။
အမှောင်
..............
အရူးမတစ်ယောက်
လင်ကောင်မပေါ်ဘဲ
ကလေးနှစ်ယောက် ရခဲ့ပေါ့။
စိုင်းဝင်းမြင့်
၂။
သွန်းဘုရားကျောင်းဝင်းထဲကဖြတ်ပြီး စျေးဘက်ကို ဦးတည်နေသည့် ကျနော့်ခြေလှမ်းများမှာ ဘုရားကျောင်းဝင်းနှင့် မြို့မဘုန်းကြီးကျောင်းဝင်း နှစ်ခုခြားထားရာ အုတ်တံတိုင်း အပေါက်ဝတွင် ရပ်သွားရ၏။ လူသွားလမ်းနှင့် ဝါးနှစ်ရိုက်ခန့်အကွာ အုတ်တံတိုင်းနှင့် ကပ်လျက်နေရာတွင် ဖြစ်ကတတ်ဆန်း မိုးကာထားသည့် တဲပျက်တလုံး တွေ့လိုက်ရသောကြောင့် ဖြစ်၏။ သက်ကယ်ပစ်သုံးလေးခုမိုးပြီး စောင်စုတ်သုံးထည် ဝိုင်းကာထားသည့် တဲအတွင်းမှ မည်သည့်အသံမျှမကြားရ။ တိတ်နေ၏။ လူတရပ်မျှမရှိတရှိ အုတ်တံတိုင်းပေါ် မေးတင်ထားသည့် ဝါးလေးလုံးကို အခြား ဝါးတလုံးနှင့်ထောက်ပြီး နှီးဖြင့်တုတ်ထား၏။ လေတချက်အဝေ့တွင် ကာထားသည့် စောင်အောက်အဖျားများမှာ မြေကြီးနှင့် ဒရွတ်တိုက်ပြီး လှုပ်ရှားသွားကြ၏။
ခဏတဖြုတ်ရပ်ကာ နားစွင့်ကြည့်သည်။ တဲထဲက မည်သည့်အသံမျှ မကြားရ။ မတင်မကျစိတ်နှင့် လမ်းဆက်လျှောက်ရန် စိတ်ကူးစဉ် တဲကလေးထဲမှ ကလေးငိုသံတချက် စူးစူးဝါးဝါး ကြားလိုက်ရ၏။ ထိုအခါမှပင် ကျနော့်မှာ ကြားထားသည့်သတင်းကို အတည်ပြုလိုက်နိုင်တော့သည်။
“မင်းကလည်း ကြာမယ်ထင်ရင် သားတယောက်ကို ခေါ်သွားပေါ့ကွ”
“ခဏဆိုပြီး သွားကြည့်တာပါကွယ်၊ တညလုံးအော်နေသံကြားလို့ စိတ်မကောင်းလို့ သွားကြည့်တာပါ။ ၁၄ လမ်းထဲက မိန်းမနှစ်ယောက်လည်း ရောက်နေတယ်။ ဟိုရောက်တော့ မစိမ်းမြ ကလေးမွေးချလိုက်တယ်လေ။ အဲဒါ ညတွင်းချင်း နီးစပ်ရာယောက်ျားတွေ အကူအညီ တောင်းပြီး တဲမိုးတဲ့သူကမိုး၊ ကာတဲ့သူကကာ၊ ကျမကတော့ ကလေးဝေယျာဝစ္စ လုပ်ပေးနေရတာပေါ့။ မနက်ကျမှ စားစရာတခုခု သွားပို့ရဦးမယ်။ အခုတော့ ကျမအိပ်ချင်လှပြီ၊ သြော် .. မစိမ်းမြက မိန်းကလေးမွေးတယ် မောင်ရေ့”
မနက်မိုးမလင်းခင် မိဘနှစ်ပါး ပြောဆိုနေခဲ့ကြသည့် စကားများကို ကျနော် စဉ်းစားနေမိသည်။ အရူးမ မစိမ်းမြ ဗိုက်နာလို့အော်သည့်အသံကို ကျနော်လည်း ကြားနေခဲ့၏။ ကျနော်တို့အိမ်နှင့် သွန်းဘုရားကျောင်းဝင်းမှာ ကပ်လျက်ရှိနေသဖြင့် မစိမ်းမြ၏ ဗိုက်နာလို့အော်သည့်အော်သံကို အတိုင်းသား ကြားနေရ၏။
နံနက်ခင်း သွားထိုင်နေကြ မြင်းဖြူလက်ဖက်ရည်ဆိုင်ရောက်တော့ မစိမ်းမြ ကလေးမွေးသည့် အကြောင်းကို သူငယ်ချင်းများအား ပြောပြနေမိပြန်သည်။
“မင်းပြောပြတာ နားထောင်ပြီး မောင်စွမ်းရည်ရဲ့ ကဗျာတပုဒ်ကို ငါသတိရတယ်”
ကျနော်က တဝိုင်းတည်းထိုင်နေသည့် ကိုခါး (ငခါး-ကွမ်းခြံကုန်း မဟုတ်ပါ) ကို မော့ကြည့်ပြီး စိတ်ဝင်စားသွားရ၏။
“ဟုတ်လား၊ အဲဒီကဗျာ ဘယ်မှာလဲ၊ ကျနော်ဖတ်ချင်တယ်”
“အခုတော့ မပါဘူးလေ။ ဒါပေမဲ့ ငါ အလွတ်ရပါတယ်။ နားထောင်”
ကိုခါးက မောင်စွမ်းရည်၏ကဗျာကို ခပ်ဖြည်းဖြည်း ရွတ်ပြ၏။
သဲလွန်စ
...............
သူတောင်းစားမ
ရုပ်ဆိုးလှလည်း
ရင်ဝခွင်လယ်
သားသူငယ်လျှင်
အဘယ်အတွက်ကြောင့် လှသနည်း . . .။
ကိုခါးကို ကျနော်တို့အားလုံး ဝိုင်းကြည့်နေမိကြသည်။ မည်သူမျှ စကားမပြောနိုင်ကြ။
“ငါ့စိတ်ထဲမှာ သူတောင်းစားမိန်းမတယောက်၊ ဖအေမပေါ်ဘဲ ကလေးမွေးတာ၊ ဆန်းတယ်လို့တော့ မထင်ဘူး။ ဒါပေမဲ့ သူမွေးတဲ့ကလေးက တသွေးတမွေးနဲ့ ဝဝဖြိုးဖြိုး လှလှပပ၊ ရုပ်ချောဆိုတော့ ရပ်ကွက်ထဲက ပိုက်ဆံရှိ၊ မျက်နှာကြီးမိသားစု တစုစုထဲက ဖအေမပေါ်ဘဲမွေးတဲ့ ကလေးကို လမ်းဘေးမှာ သူများကောက်ယူမွေးစားချင်အောင် လှလှပပ ဝတ်စားပြင်ဆင်ပြီးမှ ချထားခဲ့တာကိုမှ အဲဒီသူတောင်းစားမက မိခင်စိတ်နဲ့ ကောက်ယူမွေးတဲ့ သဘောလို့လည်း ယူဆလို့ရတယ်ကွ။ မောင်စွမ်းရည်က ဒါကိုဖွဲ့တာ ဒါ ကဗျာဖွဲ့လို့ရတဲ့ကိစ္စ၊ ဖွဲ့ရမယ့်ကိစ္စ”
လက်ဘက်ရည်စားပွဲဝိုင်းက ထပြန်လာသည့်အချိန်အထိ သူတောင်းစားမ လင်ကောင်မပေါ်ဘဲ ကလေးမွေးသည့်ကိစ္စကို ကျနော်တယောက်တည်း အတွေးနယ်ချဲ့နေမိခဲ့၏။
မောင်စွမ်းရည်၏ “သဲလွန်စ” ကဗျာနှင့် စိုင်းဝင်းမြင့်၏ “အမှောင်” ကဗျာတို့ကို နှိုင်းယှဉ် စဉ်းစားနေမိသည်။ မောင်စွမ်းရည်က သူ့ကဗျာ နိဂုံးချုပ်တွင် “အဘယ်အတွက်ကြောင့် လှသနည်း …” ဟု မေးခွန်းဖြင့် နိဂုံးချုပ်၏။ ထို့ကြောင့် ထိုစာကြောင်းကလေးသည်ပင် ကဗျာမြောက်စေသည့် စာကြောင်းကလေး ဖြစ်လာခဲ့၏။ စိုင်းဝင်းမြင့်ကလည်း “ကလေးနှစ်ယောက်ရခဲ့ပေါ့” ဟု နိဂုံးချုပ်ထား၏။ လူ့သမဂ္ဂတခုအတွင်း ကိုယ့်ကျင့်တရား ပျက်ပြားလျက်ရှိသည့် အခင်းအကျင်း အနေအထားကို ကဗျာနှစ်ပုဒ်စလုံးက ကိုယ်စားပြု၏။ မောင်စွမ်းရည်က ကဗျာဖတ်သူကို အဖြေရှာခိုင်းသည့်နည်းတူ စိုင်းဝင်းမြင့်က ဂယက်အနက်အချို့ ချပေးလိုက်၏။ စိုင်းဝင်းမြင့် ချပေးလိုက်သည့် ဂယက်အနက်ကြိုးစကို ဆွဲကာ ကျနော် ဆက်တွေးနေမိစဉ် တနေရာအရောက်၌ အတွေးစမှာ တုန့်ခနဲ ရပ်သွားရ၏။ အရူးမ မစိမ်းမြ ဗိုက်နာလို့ အော်ဟစ်ပြောဆိုနေသည့် အသံများကို နားထဲတွင် ပဲ့တင်ထပ် ကြားလာရသောကြောင့်ပင် ဖြစ်သည်။
“သေချင်းဆိုး စောမောင်၊ နင် အခုတော့ ငါ့ကို ပစ်ထားလိုက်ပြီပေါ့ဟင်၊ … တုန်းကတော့ …. ပြီး၊ အခုတော့ ငါ့ကို ခွေးတကောင်လို ပစ်ထားလိုက်ပြီပေါ့၊ အောင်မယ်လေး … သေပါတော့မယ်၊ တရပ်ကွက်လုံး ဒီလိုပဲကြည့်နေကြတော့မှာလား …”
၃။
ယခုတော့ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ။ အရူးမ မစိမ်းမြ၏ နေရာတွင် အခြား မည်သည့်အရူးမများ ဘယ်နှစ်ယောက်အထိ ရှိခဲ့ပြီကိုမူ ကျနော်မသိ။ သို့သော် စိုင်းဝင်းမြင့်၏ ကဗျာထဲက လင်ကောင်မပေါ်ဘဲ ကလေးမွေးသည့် အရူးမတယောက်အကြောင်း တွေးမိတိုင်း ကျနော် ငယ်စဉ်က တွေ့ခဲ့ဖူးသည့် အရူးမ မစိမ်းမြကို လတ်လတ်ဆတ်ဆတ် ပြန်သတိရနေမိ၏။
စိုင်းဝင်းမြင့်၏ “အမှောင်” ဟု အမည်ပေးထားသည့် ကဗျာမှာ အမှောင်ထုအောက်က ဖြစ်ချင်တိုင်း ဖြစ်ပျက်နေသည့် လူ့အဖွဲ့အစည်းတခု၏ အတွင်းသရုပ်ကို သရုပ်ဖော်ဖို့ ကြိုးစားခြင်းသာ ဖြစ်သည်။ “အမှောင်” ကဗျာထဲက အရူးမအဖို့ ကလေးတယောက်မက နှစ်ယောက်အထိ ရခဲ့ပြီး မိအေးနှစ်ခါနာခဲ့ရပြီ။ “အမှောင်” ကဗျာမှာ ကိလေသာ တဏှာအမှောင် တခုတည်းကိုသာ ညွှန်းဆိုသည်မဟုတ်၊ ပုဂ္ဂလကိစ္စမဟုတ်၊ ဓမ္မအထိ ကူးလာနိုင်ခဲ့၏။ လူတန်းစားရပ်တည်ချက်ကို ဖော်ပြ၏။
စိုင်းဝင်းမြင့်၏ “အမှောင်” ကဗျာထဲက အရူးမမွေးသော ကလေး၏ဖခင်သည် မည်သူနည်း …။ တရားခံ၏ သဲလွန်စကို ကျနော်တို့ ရှာကြည့်ရပေမည်။ သို့သော် ကျနော်ငယ်စဉ်က တွေ့ခဲ့ဖူးသည့် အရူးမ “မစိမ်းမြ” မွေးသည့် ကလေး၏ဖခင်မှာ ကလေးမွေးကာနီး ဗိုက်နာလို့ အော်ပြောနေသည့် မစိမ်းမြ၏ စကားအရ စောမောင် ဆိုသည့်ပုဂ္ဂိုလ် ဖြစ်တန်ရာသည်ကိုမူ တရပ်ကွက်လုံး သိသွားကြရ၏။
အရူးမ မစိမ်းမြ နာမည်ထုတ်ဖော်ဆဲဆိုခံရသည့် ပုဂ္ဂိုလ်မှာ ရပ်ကွက်လူကြီး “ဦးစောမောင်” ဖြစ်သည်ကို လူတိုင်းသိသွားကြရ၏။
စိုင်းဝင်းမြင့်၏ “အမှောင်” ကဗျာပါ အကြောင်းအရာမှာ ကဗျာဖွဲ့လို့ရသည့် အကြောင်းအရာ၊ ကဗျာဖွဲ့ကိုဖွဲ့ရမည့် အကြောင်းအရာအဖြစ် ကျနော် လက်ခံစဉ်းစားလာရ၏။ သည်နေရာတွင်မတော့ ဆရာမောင်သာနိုးနှင့် ကျနော် အတွေးချင်း မတူခဲ့ပါချေ။ ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)