စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ စီးနင်းတိုက်ခိုက်အပြီးမှာ စစ်ကောင်စီတပ်က ညောင်ပင်ကြီးရွာမှာအခိုင်အမာစခန်းဆောက်လုပ်ဖို့ ပစ္စည်းတွေကို ဇွန် ၁၄ ရက်၊ ၁၅ ရက်နဲ့ ၁၆ရက်တွေမှာ သယ်ယူနေတယ်လို့ ဒေသခံထံက သိရပါတယ်။
မုံရွာမြို့ပေါ်ကနေ ရေကြောင်းကို အသုံးပြုပြီး ဘိလပ်မြေ၊ ကွန်ကရက်တိုင်၊ ကျောက်တိုင်တွေကို ညောင်ပင်ကြီးကျေးရွာအုပ်စု ထန်းတောလှေဆိပ်ကနေကားတွေသယ်ဆောင်နေတာဖြစ်တယ်လို့ ဆားလင်းကြီးအခြေစိုက် HeroFigther (Salingyi) တိုက်ခိုက်ရေးအထူးအဖွဲ့ ခေါင်းဆောင် ဗိုလ်သူရိန်က ပြောပါတယ်။
"မနေ့ကတော့ မုံရွာဘက်ခြမ်းကနေ မော်တော်ပေါ်ကို ခြံစည်းရိုးခတ်ဖို့ ကျောက်တိုင်တွေ တင်လာတယ်၊ ဒီစခန်းဆောက်ဖို့ မတိုင်ခင် ညောင်ပင်ကြီးရွာထဲကနေ တရုတ်၀မ်ပေါင်ကုမ္ပဏီထဲထိ လမ်းဖောက်ဖို့ နဂိုကတည်းက စီစဉ်နေတယ်လို့တော့ကြားထားတာ၊ အခုသူတို့အကြံ ပိုမြန်သွားတာပေါ့၊ သူတို့က စခန်းကို နဂိုကထက် ပိုကျယ်အောင် ချဲ့ပြီး စခန်းနဲ့ ၀မ်ပေါင် တိုက်ရိုက်ဆက်သွယ်ဖို့ လမ်းဖောက်မယ်။ ၈ လက်မထူတဲ့ ခြံစည်းရိုးကျောက်ပြားတွေကိုလည်း ၀မ်ပေါင်ကုမ္ပဏီက ထုတ်ပေးတယ်လို့ ကြားတယ်။"
ဇွန် ၉ ရက် ညနေပိုင်းက ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်စီးနင်းနိုင်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအ မြောက်အမြား သိမ်းဆည်းရမိခဲ့ပါတယ်။
ဒီနောက် စစ်တပ်က လေယာဉ်နဲ့ ကျေးရွာတွေကိုပါ ဗုံးကြဲခဲ့သလို ဇွန် ၁၄ ရက်အထိ စစ်ကောင်စီကနေ ညောင်ပင်ကြီးကျေးရွာအုပ်စုထဲက ညောင်ပင်ကြီး၊ နှင်းတော၊ သိမ်တော်၊ ရွာရှည်၊ ထန်းတော၊ အိုမ၊ အင်းလေ ရွာတွေကို မီးရှို့ဖျက်စီးခဲ့တဲ့အတွက် ဒေသခံတွေအ နေနဲ့နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လတ်တလောမှာတော့ ဆားလင်းကြီးမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ စစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ Hero Fighter (Salingyi) တိုက်ခိုက်ရေးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။