ပြည်သူလူထုအတွက်ထိခိုက်နစ်နာစေတဲ့အတွက် အရင်အစိုးရလက်ထက်မှာ ပိတ်ပင်ထားခဲ့တဲ့ ဆင့်ပွားစျေးကွက်ဖြန့်ချိ (MLM) စီးပွားရေးလုပ်ငန်းတွေဟာ အာဏာသိမ်း စစ်ကောင်စီလက်ထက် အခုအခါ မြန်မာပြည်တွင်းမှာ တစ်ဖန်ပြန်အားကောင်းလာနေပါတယ်။
MLM လုပ်ငန်းဟာ အေးဂျင့်တစ်ဦးကနေ တခြားအေးဂျင့် ၅ ဦးလောက်ကို အဖွဲ့ဝင်အဖြစ် မက်လုံးပေးဆွဲဆောင်ပြီး ထိုသူတွေ လက်အောက်ကနေလည်း တခြားအဖွဲ့ဝင်တွေထပ်တိုးအောင် ပြုလုပ်ပြီး ပီရမစ်ပုံစံ စနစ်ဖြစ်ပါတယ်။
အေးဂျင့်ကိုယ်တိုင်က ကုမ္ပဏီပစ္စည်းကို စျေးကြီးပေးဝယ်သုံးပြပြီး ကိုယ်တိုင်ဝယ်သုံးရင် လျှော့စျေးနဲ့ရကာ ရောင်းရတဲ့စျေးနှုန်းအလိုက် အမှတ်အဆင့်သတ်မှတ်ပေးပါတယ်။
ကြယ်တစ်ပွင့်၊ ကြယ်နှစ်ပွင့်အနေနဲ့ အဆင့်သတ်မှတ်ပေးပြီး အဆင့်သတ်မှတ်ချက်အလိုက် ကော်မရှင်ခတွေ ရရှိပါတယ်။ စျေးကြီးပေးဝယ်ရတဲ့ထုတ်ကုန်အများစုဟာ FDA ထောက်ခံချက်မ ရရှိထားသလို သုံးစွဲသူတွေအတွက် ဘေးကင်းလုံခြုံမှု အာမခံချက်မရှိတဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။
MLMလုပ်ငန်းကြောင့် နစ်နာခဲ့ရသူတစ်ဦးက ''အေးဂျင့် ရှာခဲ့တဲ့လူတွေကလည်း တခြားအေးဂျင့်တွေ ဆက်ရှာမယ်။ အဲ့လိုတွေထပ်သုံးပြမယ်ဆို အပေါ်မှာရှိတဲ့လူတွေက အလိုလိုနေရင်း ပိုက်ဆံ ဆတိုးပွားကော။ တစ်ချိန်လူမရှာနိုင်တော့ဘူးဆိုရင် ပစ္စည်းတွေ လက်ဝယ်ပိုက်မိ ရင်းနှီးထားတဲ့ငွေ အချိန်ကုန်တာပဲရှိမယ်။ ဘာအာမခံချက်မှမရှိဘူး သူတို့မှန်းထားတဲ့ ပိုက်ဆံရပြီဆို ကုမ္ပဏီဖျက်သိမ်း လစ်ကောပဲ''လို့ ပြောပါတယ်။
ဒီလုပ်ငန်းနဲ့ နီးစပ်သူ တယောက်ကလည်း “ အရင်အစိုးရတုန်းက အရေးယူမှုတွေကြောင့် ကုမ္ပဏီတွေ ဖျက်သိမ်းခဲ့ရပြီး အခုစစ်ကောင်စီ လက်ထက်မှာ မှတ်ပုံတင်ထားရင်အဲ့ ကုမ္ပဏီက တရားဝင်ပြန်ဖြစ်သွားတယ်။ သူတို့ကပိုက်ဆံရပြီးကော။ ပေးနိုင်ရင်ကြိုက်တာလုပ်လို့ရတယ်''လို့ ပြောပါတယ်။
စစ်ကောင်စီ အာဏာမသိမ်းခင်ကာလ ၂၀၁၈ ခုနှစ်မှာ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဌာနက ဆင့်ပွားစျေးကွက်ဖြန့်ချိရေးလုပ်ငန်းတွေကို တားမြစ်ဖို့ အမိန့်ထုတ်ထားခဲ့လို့ အဆိုပါလုပ်ငန်းတွေ ပျောက်ကွယ်ခဲ့သွားခဲ့သေးပါတယ်။