Home
မြန်မာသတင်း
လုပ်ငန်းခွင်ပြဿနာ စစ်တပ်ခေါ်ခြိမ်းခြောက်မှု အလုပ်သမားအဖွဲ့များ ဝေဖန်
DVB
·
June 16, 2023
353038193_10159497239812913_7483516053330329861_n

စက်ရုံလုပ်ငန်းခွင်အတွင်း အငြင်းပွားမူပြသနာတွေမှာ စစ်တပ်ကိုခေါ်ပြီး အလုပ်သမားတွေကို ဖိအားပေးခြိမ်းခြောက်တာဟာ အလုပ်ရှင်တွေရဲ့ ကျင့်ဝတ်ချိုးဖောက်မှုဖြစ်တယ်ဆိုပြီး အလုပ်သမားအဖွဲ့ခေါင်းဆောင်တချို့က ဝေဖန်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေပြည်သာမြို့နယ်ရှိ ဟိုစိမ့်အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၇ ဦး အလုပ်ထုတ်ခံရတာကို မကျေနပ်လို့ ကျန်အလုပ်သမားတွေက စက်ရုံဝင်းထဲကနေ လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက်ခဲ့ရာ စစ်တပ်ကရောက်လာပြီး ဖိအားပေးတဲ့ ဖြစ်ရပ်ရှိခဲ့တာပါ။

အဲဒီစက်ရုံဖြစ်ရပ်မတိုင်ခင် တခြားစက်ရုံတချို့မှာလည်း လုပ်ငန်းခွင်ပြဿာရှိပါက စစ်တပ်ခေါ်တာ၊ စစ်တပ်နဲ့ခြိမ်းခြောက်တဲ့ ဖြစ်ရပ်တွေ ရှိနေခဲ့တာလို့ အလုပ်သမားအသိုက်အဝန်းက ဆိုပါတယ်။

လုပ်ငန်းခွင်ပြဿနာကိုဖြေရှင်းဖို့ ပြဋ္ဌာန်းထားတဲ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေရှိနေပေမယ့် အခုလို ခြိမ်းခြောက်တဲ့ နည်းလမ်းသုံးတာဟာ အနိူင်ကျင့်မှု သက်သက်သာဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တာဝန်ရှိသူတဦးက မှတ်ချက်ပြုပါတယ်။

"လုံးဝလက်မခံနိူင်တဲ့ ဖြေရှင်းမှုလို့ပြောရမယ်။ အခုလို တခုခုဆို စစ်တပ်ခေါ်ဖြေရှင်းတဲ့စက်ရုံတွေ၊ ချုပ်လုပ်တဲ့ Brand တွေကို ရှုတ်ချတယ်။ မှတ်တမ်းတင်ထားရမယ်။ သူတို့ဟာ စစ်တပ်ကို လုပ်ပိုင်ခွင့်ထပ်တိုးပေးနေတဲ့သူတွေလို့ သတ်မှတ်ရမယ့်အခြေအနေပဲ။" 

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတဦးကလည်း လုပ်ငန်းခွင်အတွင်း ပြဿနာကို အခုလိုစစ်တပ်အားကိုးပြုခေါ်တာ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

"စက်ရုံဧရိယာပြင်ပမှာ အလုပ်သမားတွေ စုဝေး၊ ပြဿနာဖြစ်တာဆိုတာမျိုး၊ စက်ရုံထဲ အခြေအနေကတော့ စစ်တပ်က ပါဝင်ပတ်သက်စရာကိုမရှိဘူး။"

အာဏာသိမ်းပြီးတဲ့နောက် စက်ရုံတချို့မှာ လုပ်ငန်းခွင်ပြဿနာဖြစ်ရင် စစ်တပ်နဲ့ခြိမ်းခြောက်တာ၊ လူမိုက်တွေခေါ်ပြီး ဖြေရှင်းတာတွေက မကြာခဏရှိလာတာလို့ အလုပ်သမားတွေက ဆိုပါတယ်။

အဲဒီလိုဖြစ်ရပ်တွေ ရှိခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ကလည်း မဆီမဆိုင် ဝင်ပါလာတာတွေ များလာတယ်လို့ သူတို့က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024