တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာ၊ အင်းဗူးရပ်ကွက်က နေအိမ်တွေကို ဇွန် ၁၆ ရက် ဒီနေ့မနက် ၈ နာရီလောက်ကစပြီး စစ်ကောင်စီတပ်က မီးထပ်ရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံရွာသားတဦးက “မီးက မနက်ကတည်းက စရှို့နေတာပါ။ အခုထိလည်း (ဇွန် ၁၆ ရက် နေ့လယ်ပိုင်း) မီးခိုးတွေ တက်နေတာ မြင်နေရတယ်” လို့ ပြောပါတယ်။
ဇွန် ၁၆ ရက် မနက် ၁၀ နာရီအထိ ရငဲရွာမှာ နေအိမ် ၃ လုံး မီးလောင်သွားပြီလို့ အတည်ပြုထားနိုင်ကြောင်း ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရွာထဲဝင်လာပြီး နေအိမ်တွေကို ဝင်ရောက်ကာ ပစ္စည်းတွေယူဆောင်တာနဲ့ မီးရှို့တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဇွန် ၁၅ ရက်မှာတော့ ရငဲရွာ ကားလမ်းအနီးရှိ မြွေတောင်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ဇွန် ၁၁ ရက်မှာ ကနက်သီရိရွာကနေ ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရငဲရွာသား တဦးကို ပစ်သတ်ခဲ့ပြီး နေအိမ် ၂ လုံးကို မီးရှို့ခဲ့ပါသေးတယ်။
ဇွန် ၆ ရက်ကတည်းကစပြီး သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး နေအိမ် ၁၀ လုံးကျော် မီးရှို့ဖျက်ဆီးခံထားရကာ ရွာ ၆ ရွာက ရွာသားတွေ ရွာလုံးကျွတ် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရဆဲ ဖြစ်ပါတယ်။