မြန်မာနိုင်ငံဘက်ကနေ တရားမဝင် မှောင်ခို တင်ပို့လာတဲ့ ကျွဲ၊ နွား အကောင်ရေ ၁၀၀ ကျော်ကို ထိုင်းနိုင်ငံ မဲဆောက်နယ်စပ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကျွဲ၊ နွားတွေ ခွါနာလျှာနာ ရောဂါပိုးကူးစက်ဖြစ်ပွားနေလို့ မြန်မာ့ ကျွဲ၊ နွား တင်သွင်းမှုကို ပိတ်ပင်ထားနေချိန်မှာ မဲဆောက်မြို့မှ ဘန်ကောက်မြို့အသွားလမ်း ဝှေ့ယားဥဂိတ်အကျော်လေးမှာ မြန်မာဘက်မှတင်သွင်းလာတဲ့ ကျွဲ၊ နွား ၁၀၉ ကောင်ကို ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်မှာ ထိုင်းတာဝန်ရှိတွေက ဖမ်းဆီးလိုက်တာပါ။
ထိုင်းနိုင်ငံအတွင်းမှာ ကျွဲ၊ နွား ခွာနာတာနဲ့ ပါးစပ်နာရောဂါကူးစက်မှုတွေကို ထိန်းသိမ်းဖို့အတွက် မြန်မာ ကျွဲ၊ နွားတွေကို ၂၀၂၃ ခုနှစ် နှစ်လပိုင်းမှ လေးလပိုင်းအထိ ပထမအကြိမ် တင်သွင်းမှု ပိတ်ခဲ့ပါတယ်။
ဒုတိယအကြိမ်အဖြစ် ၅ လပိုင်းမှ ၇ လပိုင်းအထိကို မြန်မာနိုင်ငံဘက်က လာရောင်းမယ့် ကျွဲ၊ နွားတွေအပြင် အမဲသား၊ ကျွဲသားနဲ့ ပတ်သက်တဲ့ အရာအားလုံးတွေကို ထိုင်းနယ်စပ်နဲ့ မြို့ကြီးတွေကို တင်သွင်းတာ ပိတ်ပင်ထားခဲ့ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှ ကူးသန်းလာတဲ့မြန်မာ ကျွဲ၊ နွားတွေကို ထိုင်းနိုင်ငံ တိရစ္ဆာန်ကျန်းမာရေးဌာနက စစ်ဆေးမှုပြုလုပ်မှ တင်သွင်းခွင့်ပေးတာ ဖြစ်ပါတယ်။
အခု ဖမ်းဆီးရမိတဲ့ မြန်မာ့ ကျွဲ။ နွားတွေကို အခွန်ဦးစီးဌာနက ဖမ်းဆီးရမိကာ ယာဉ်မောင်းသူနဲ့ ကျွဲ၊ နွား မှောင်ခို တင်သွင်းမှုနဲ့ ဆက်နွှယ်ပတ်သက်သူတွေကို ထိုင်းနိုင်ငံဥပဒေအတိုင်း အရေးယူသွားဖို့ ရှိနေပါတယ်။