Home
ဆောင်းပါး
မြန်မာ့အကျပ်အတည်းကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရ
DVB
·
June 16, 2023
Article 4

စစ်အာဏာသိမ်း ၂ နှစ်ကျော် ကြာလာပြီးနောက် မြန်မာ့ပဋိပက္ခမှာ ဆက်လက် ပြင်းထန်လာနေဆဲပင်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည်လည်း အဓိပ္ပာယ်ရှိသော မည်သည့်ပြောင်းလဲမှုကိုမှ လုပ်ဆောင်နိုင်ဟန် မရှိသေးပေ။ ကမ္ဘာ့အဖွဲ့အစည်းများ၊ ဒေသန္တရအဖွဲ့များနှင့် အိမ်နီးချင်းနိုင်ငံအသီးသီးတို့မှာ မြန်မာ့အကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းဖို့ ကြိုးပမ်းနေကြဆဲဖြစ်သည်။ ငြိမ်းချမ်းရေးစကားဝိုင်း ဆိုတာကို နားကြားပြင်းကပ်လောက်အောင် ပြောနေကြခြင်း ဖြစ်သည်။ ဤတွင် မေးစရာရှိသည်မှာ လက်ရှိအခြေအနေ၊ အချိန်အခါအရ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခြင်းလမ်းစဉ်မှာ တည်ရှိပါသေးရဲ့လော။

အရပ်သားပြည်သူများကို အစုအပြုံလိုက် သတ်ဖြတ်နေသော စစ်အုပ်စု၏ လုပ်ရပ်များသည် တာဝန်ခံမှုကိစ္စတွင် ၎င်းတို့အနေဖြင့် အနည်းငယ်မျှ စိတ်ဝင်စားမှုမရှိကြောင်း  ပြသနေပါသည်။ အရှင်လတ်လတ် မီးရှို့ခြင်း၊ ရွာလုံးကျွတ် မီးရှို့ခြင်း၊ မူလတန်းကျောင်းများကို ဗုံးကြဲခြင်း၊ အကျဥ်းသားများကို နှိပ်စက်ခြင်း စသည်တို့နှင့်ပတ်သက်သော သက်သေအထောက်အထား များကိုလည်း မှတ်တမ်းများ တင်ထားကြသလို အများသိပြီးလည်း ဖြစ်သည်။ ယခုလို သက်သေအထောက်အထား အများအပြား ရှိသည့်ကြားကပင် စစ်အုပ်စုသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေတုန်းပင် ဖြစ်သည်။ ဤအခြေအနေကို ကြည့်ခြင်းဖြင့် စစ်အုပ်စုမှာ ညှိနှိုင်းဆွေးနွေးဖို့ ဆန္ဒမရှိကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် သဘောပေါက်သင့်ပါပြီ။

ဒီမိုကရေစီအင်အားစုများကတော့ ထိုအချက်ကို ကောင်းစွာ သဘောပေါက်ထားပြီဖြစ်ရာ စစ်အုပ်စုကို လုံးဝဖယ်ရှားပစ်နိုင်ဖို့သာ ကြိုးပမ်းနေကြပြီဖြစ်သည်။ တဖြည်းဖြည်းနှင့် အောင်မြင်မှုရလာသော လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်များ၊ ERO များသည်လည်း လမ်းခုလတ်ကျမှ နောက်ပြန်လှည့်တော့မည် မဟုတ်ပေ။ သို့ဖြစ်ရာ နှစ်ဖက်စလုံးအနေဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာမည့် အရိပ်အယောင် မရှိတော့ပေ။

တကယ်တော့ စစ်အုပ်စုမှာ နိုင်ငံနယ်မြေတဝက်ကိုသာ ထိန်းချုပ်နိုင်တော့သည်။ ခန့်မှန်းခြေအင်အား ၁ သိန်းရှိသော ERO များမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်တိုက်ခိုက်နေကြသလို သူတို့၏ ဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နယ်မြေထိန်းချုပ်မှု တောင့်တင်းခိုင်မာလာစေရန် လုပ်ဆောင်နေကြပြီး တချို့နေရာများတွင် PDF များကို ပုံစံအမျိုးမျိုးဖြင့် ကူညီပေးနေကြသည်။ ERO များ၊ ပြည်သူနှင့် ပူးပေါင်းလာသော စစ်သားများထံတွင် လေ့ကျင့်သင်ကြားမှု ခံယူခဲ့ကြသော PDF အင်အားမှာလည်း ၆ သောင်းခွဲ အထိ ရှိလာပြီဖြစ်သလို တိုက်ရည်ခိုက်ရည် ပြည့်ဝသည့်အဆင့်သို့ တဖြည်းဖြည်း ရောက်ရှိလာနေပြီဖြစ်သည်။ ထိုမျှမက အော်တိုရိုင်ဖယ်များ၊ စနိုက်ပါများ၊ စက်သေနတ်များ၊ ဒရုန်းနှင့် မော်တာများကိုလည်း ကိုင်တွယ်အသုံးပြုလာသည်ကို တွေ့ရသည်။

ယခုအခါ တော်လှန်ရေးတပ်သားများ၏ လူအင်အားမှာ စစ်အုပ်စုထက် ပိုများလာပြီဖြစ်သည်။ အခြားတဖက်တွင်မူ စစ်အုပ်စုတပ်ဖွဲ့ဝင်အများစုမှာ တိုက်ခိုက်ချင်စိတ် မရှိကြတော့။ တိုက်ခိုက်ရေးစွမ်းရည် ဆိုးရွားနိမ့်ဆင်းနေသည်။ စီမံခန့်ခွဲမှုအမှားများ၊ လာဘ်စားမှုများ၊ ပြည်သူ့ထံမှ ငရဲတမျှ မုန်းတီးရွံရှာမှုများကို စစ်အုပ်စုအဖွဲ့ဝင်များ ခံနေကြရသည်။ စစ်အုပ်စု၏ အားကိုးစရာဆိုလို့ လေတပ်ပဲ ကျန်ရှိတော့သည်။ ဒါတောင် ခုနောက်ပိုင်းရောက်တော့ လေတပ်သည် ၎င်း၏ စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် တိုက်ပွဲအောင်နိုင်စေဖို့ မကူညီနိုင်တော့ပေ။ အဲ့သည်အစား အရပ်သားပြည်သူများကိုသာ လေကြောင်းဖြင့် အစုအပြုံလိုက် သတ်ဖြတ်နေပါတော့သည်။

ယင်းသို့ လေကြောင်းမှ တိုက်ခိုက်လေလေ ပြည်သူများ၏ တော်လှန်ရေးသန္နိဋ္ဌာန်မှာ ပို၍ အားကောင်းလေလေ ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဒီအချက်ကို အသိအမှတ်ပြုရမည်ဖြစ်ပြီး စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းနေသော ၎င်းတို့၏ အချည်းနှီးလုပ်ရပ်များကို ရပ်ဆိုင်းပစ်ရမည်ဖြစ်သည်။ ပြည်သူများအပေါ် အကြမ်းဖက်မှု မလုပ်ဖို့ စစ်အုပ်စုကို နားချရမည်ဆိုသည့် ၎င်းတို့၏ ရူးရူးမိုက်မိုက် မျှော်လင့်ချက်များကိုလည်း စွန့်လွှတ်ရပါမည်။ ဗိုလ်ချုပ်ကြီးများ၌ နောင်တဆိုတာမရှိ။ ထို့ကြောင့် ရက်စက်ကြမ်းကြုတ်မှုများကိုလည်း ရပ်တန့်မည်မဟုတ်သလို ၎င်းတို့လုပ်ရပ်များကိုလည်း သေချာပေါက် ဝန်ခံမည်လည်း မဟုတ်ပါ။

ယခုအကြိမ်သည် စစ်တပ်က အာဏာသိမ်းတာ ၃ ကြိမ်မြောက်ဖြစ်၏။ ၂၀၁၁ ခုနှစ်တုန်းက ဟန်ပြဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို နိုင်ငံတကာအနေဖြင့် ကြိုဆိုခဲ့ကြသည်။ သို့သော် ထိုကူးပြောင်းမှုကို ကြိုတင်မှန်းဆထားကြတာမျိုးတော့ မဟုတ်ခဲ့ကြပေ။ ဒီအချက်ကို ပြင်ပအဖွဲ့များ၊ အထူးသဖြင့် ဒေသတွင်းအဖွဲ့များအနေဖြင့် ကောင်းစွာ သဘောပေါက် နားလည်ထားသင့်ပါသည်။ ပထမအချက်အနေဖြင့် ထိုစဉ်တုန်းက ဆင်းရဲဒုက္ခ နှစ်ရှည်လများ ခံစားခဲ့ရသော မြန်မာပြည်သူများသည် အာဏာရှင်အုပ်ချုပ်မှု ရာစုဝက်ကြာပြီးနောက် တိုးတက်မှုအစီအမံများကို ငံ့လင့်တောင့်တခဲ့ကြပါသည်။ ဒုတိယအချက်မှာ ထိုစဥ်က စစ်အစိုးရမှာ ပထဝီ၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးကိစ္စများကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့သည်ဖြစ်ရာ သူ့နည်းသူ့ဟန် အသွင်ကူးပြောင်းမှု စတင်နိုင်စွမ်းရှိခဲ့သည်။ အရေးကြီးဆုံးနှင့် နောက်ဆုံးအချက်မှာ အသွင်ကူးပြောင်းမှုသည် စစ်တပ်၏ အကောင်းဆုံး အကျိုးစီးပွားအတွက် ဖြစ်ခဲ့ပါသည်။ ၎င်းတို့အပေါ် ပိတ်ဆို့မှုများအား နိုင်ငံတကာမှ ဖြေလျှော့ပေးလိုက်ခြင်းကြောင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ အကျိုးဖြစ်ထွန်းစေခဲ့သလို ပြုပြင်ပြောင်းလဲမှု လုပ်လိုက်သည့်အတွက် စစ်အုပ်စုသည် အာရပ်နွေဦးသို့ ရွေ့လျားသွားပြီး နှစ်ရှည်လများ အုပ်စိုးခဲ့သည့် အာဏာရှင်တို့အခန်းကဏ္ဍ ပြီးဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံတကာကို မျက်လှည့်ပြချင်ခဲ့ကြသည်။

သို့သော် အရပ်သားအစိုးရ NLD တက်လာသည့်နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ကြိုးပမ်းသည့်အခါမှာတော့ ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေးတို့ကို ခြိမ်းခြောက်ခံလာရပြီဟု စစ်အုပ်စုတို့ သိမြင်လာကြသည်။ အခုဆို ပိုလို့ပင် ရှင်းလင်းသွားပါပြီ။ စစ်အုပ်စုသည် ဘယ်သောအခါမှ အာဏာကိုစွန့်ဖို့ စိတ်ကူးမည်မဟုတ်တော့ပေ။ နှစ်ပေါင်း ၆၀ ကျော်အတွင်း စစ်တပ်၏ မကြာခဏ အာဏာသိမ်းမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ကမ္ဘာကြီးကို လှုပ်နှိုးသံတခု ဖြစ်ခဲ့သည်။ ထို့အပြင် ထိုကဲ့သို့သော စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးမည်ဆိုပါက ဆိုးရွားယုတ်နိမ့်သော ကိုယ်ကျင့်အန္တရာယ်များရှိကြောင်း သတိပေးသံလည်း ဖြစ်ပါသည်။ စစ်အုပ်စုသည် ၎င်းတို့စိတ်ကြိုက် ပြုလုပ်ထားသော အတုအယောင် ရွေးကောက်ပွဲမှတဆင့် နိုင်ငံရေးတွင် ဆက်လက်ပါဝင်နေမှုကို ဆက်လက်ခွင့်ပြုထားဦးမည်ဆိုပါက အာဏာသိမ်းမှုများ ဆက်လက်ဖြစ်ပွားဦးမည်မှာ သမိုင်းသက်သေများအရ အထင်အရှားပင် ဖြစ်နေပါသည်။

သုညရလဒ်ထွက်သည့် ကစားပွဲ ဖြစ်ဖို့မလိုပါ။ သို့တိုင် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စုသည် ကျဆုံးဖို့ရန် ဦးတည်နေပြီကို လက်ခံရန် လိုအပ်ပါသည်။ ပြီးတော့ မြန်မာ့အကျပ်အတည်းသည် ရှေ့ဆက်မတိုးတော့တာမျိုးမဟုတ်။ စစ်အုပ်စုသာ ထွက်ပေါက်မရှိတော့ဘဲ တော်လှန်ရေးအင်အားစုမှာတော့ ရှေ့သို့ ဆက်လက်ချီတက်နေဆဲ ဖြစ်သည်။ ဒီအချက်ကို ဒေသတွင်းအဖွဲ့များ သဘောပေါက်ထားဖို့လိုသည်။ လက်ရှိ မြန်မာ့အကျပ်အတည်းကို အမြန်ဆုံး အဆုံးသတ်စေလိုပါက ဖြစ်နိုင်သမျှ အကူအညီ အထောက်အပံ့ အမျိုးမျိုးကို တော်လှန်အင်အားစုများထံသို့ ပေးအပ်ဖို့ကလွဲလို့ အခြားမရှိတော့ပြီ။

US, UK နှင့် EU တို့အနေဖြင့် စစ်တပ်နှင့် အပေါင်းအပါများကို ဆက်လက်ဒဏ်ခတ် ပိတ်ဆို့သင့်ပေသည်။ UK နှင့် EU ဆီကတော့ ယူကရိန်းစစ်ပွဲကြောင့် အများကြီး မျှော်လင့်ထားလို့မရပေ။ US Burma Act ထဲတွင် ပါဝင်သည့် “non-lethal” “သေစေတန်ရာမဟုတ်သော အကူအညီများပေးရေး” ဆိုသည့်အချက်မှာ ကောင်းမွန်သည့် အရွေ့အတွက် ခွန်အားဖြစ်စေသော ခြေလှမ်းတရပ်လည်း ဖြစ်သည်။ NUG အပါအဝင်  ERO များအနေဖြင့် တရားဝင်အရ၊ သွယ်ဝိုက်သည့် သံတမန်နည်းအရဖြစ်စေ အကူအညီ လိုအပ်နေသည်။ သို့မှသာ အိမ်နီးချင်းအစိုးရများနှင့် ဆွေးနွေးပြောဆိုရာတွင် အထောက်အကူ ဖြစ်စေမည်။

အာဆီယံအနေနှင့်လည်း အကောင်းဆုံးဖြစ်စေမည့် လုပ်ဆောင်ချက်မျိုးသာ လုပ်ဆောင်သင့်သည်။ ၎င်း၏ ဘုံသဘောတူညီချက် ၅ ချက်အနက် လူသားချင်းစာနာမှု အကူအညီပေးဖို့ဆိုသည့် အချက်သာ လက်တွေ့အရ ဖြစ်လာနိုင်ဖွယ်ရှိသည်။ စစ်အုပ်စု၏ ပြည်သူ့စစ်အဖွဲ့မှ ASEAN အကူအညီပေးရေး ယာဥ်တန်းကို အကူအညီ ဆက်လက်မပေးနိုင်အောင် ဟန့်တားထားခြင်းမျိုး မလုပ်သင့်ပါ။ အဲ့သည်အစား စစ်ကောင်စီကို ကျော်လွန်ကာ အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်ဒေသများမှတဆင့် အကူအညီပေးပို့ခြင်းမျိုးကို ပြောင်းပြန်စဥ်းစားသင့်ပါသည်။ ERO များနှင့်လက်တွဲကာ လူသားချင်းစာနာမှုအကူအညီ ထိထိရောက်ရောက် ပေးပို့နိုင်ရန် အာရုံစိုက်သင့်ပေသည်။

အငြင်းပွားစရာ အယူအဆ ဖြစ်နိုင်သော်လည်း အိမ်နီးချင်း တရုတ်သည်လည်း ထိုသို့သော ဒေသတွင်း အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများတွင် သဘောရိုးနှင့် ပါဝင်ဆောင်ရွက်ဖို့ ထည့်သွင်းစဥ်းစားသင့်ပေသည်။ အိမ်နီးချင်းနိုင်ငံများအနက် တရုတ်နိုင်ငံသည် စစ်အုပ်စုအပေါ် သြဇာလွှမ်းမိုးနိုင်ဆုံး နိုင်ငံတနိုင်ငံဖြစ်သည်။ လူသားချင်းစာနာမှု အကူအညီများ ထိထိရောက်ရောက် ပေးနိုင်မည်ဆိုလျှင် တော်လှန်ရေးအတွက် သိသိသာသာ ဝန်ပေါ့သွားစေမည်ဖြစ်ပြီး စစ်အုပ်စုကိုတိုက်ခိုက်ရေး တခုတည်းအတွက်သာ အပြည့်အဝ အာရုံစိုက်သွားနိုင်မည် ဖြစ်သည်။

အာဆီယံရော အိမ်နီးချင်းနိုင်ငံများကပါ စစ်အုပ်စု၏ရန်ကြောင့် ထွက်ပြေးလာသူများအတွက် ယာယီခိုလှုံခွင့် ပေးသင့်သည်။ လူဝင်မှုကြီးကြပ်ရေး လမ်းကြောင်းများ၊ ဗီဇာစီမံချက်များက တဆင့် ကူညီပေးသင့်သည်။ ဒါသည် အိမ်ရှင်နိုင်ငံ၏ စီးပွားရေးအတွက်လည်း တဖက်တလမ်းမှ အကျိုးရှိစေသည်။ ယင်းသို့ နိုင်ငံရေး၊ စီးပွားရေး၊ ငွေကြေးပိုင်း ကူညီမှုများသည် တော်လှန်ရေးမီးတောက်ကို ပို၍ အရှိန်အဟုန် ကောင်းလာစေသလို နိုင်ငံရပ်ခြားမှနေ၍ ဒေါ်လာသန်းပေါင်းများစွာ အကူအညီပေးခြင်းသည် တော်လှန်ရေးအတွက် များစွာ အရေးပါလှပေသည်။ ထိုကဲ့သို့ စစ်ကောင်စီဘေးမှ ထွက်ပြေးလာသူများကို နိုင်ငံရပ်ခြား၌ လုံခြုံစွာ ထားရှိပေးခြင်းသည် ဒီမိုကရေစီလှုပ်ရှားမှုအတွက် မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းတရပ်လည်း ဖြစ်ပေသည်။

အခြားသော အကူအညီပေးရေး လမ်းကြောင်းများ များစွာကျန်ရှိပါသေးသည်။ သို့သော် အဓိကကျသူ NUG အနေဖြင့်လည်း ယခုထက်ပို၍ လက်တွေ့ကျသော နိုင်ငံခြားရေး ပေါ်လစီများကို ချမှတ်လုပ်ဆောင်ဖို့ လိုအပ်ပါသည်။ ဥပဒေကြောင်းအရ တရားဝင် အသိအမှတ်ပြုပေးဖို့၊ စစ်ကောင်စီနှင့် လုံးဝမပူးပေါင်းဖို့ဆိုပြီး ထပ်တလဲလဲ တောင်းဆိုနေမည့် အစား ပြည်သူ့ကောင်းကျိုး ဖြစ်ထွန်းစေဖို့သာ အဓိကဆိုသည့် အမြင်နှင့်လည်း ချဥ်းကပ် ဆောင်ရွက်တတ်ကြဖို့ လိုနေပြီဖြစ်သည်။ စစ်အုပ်စုသည် နေပြည်တော်နှင့်တကွ ၎င်း၏ ဗျူရိုကရေစီအဖွဲ့များကို ဆက်လက် ထိန်းချုပ်ထားနိုင်သရွေ့ ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းများ အနေဖြင့် ၎င်းစစ်အုပ်စုကို အတိုင်းအတာတခုအထိ မလွှဲမရှောင်သာ ပတ်သက်နေရဦးမည် ဖြစ်သည်။ သို့ရှိသည့်တိုင် နိုင်ငံတကာသည် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်လက်ထားရှိစေပြီး စစ်အုပ်စုကိုတော့ မြန်မာ့တရားဝင်အစိုးရအနေဖြင့် ယနေ့တိုင် အသိအမှတ် မပြုကြသေးပါ။

NUG သည် ၎င်း၏မျှော်မှန်းချက်များကို လက်တွေ့ကျအောင် လုပ်ဆောင်ရမည်ဖြစ်သလို ဖြစ်နိုင်ခြေရှိသော နိုင်ငံများနှင့်လည်း ချဥ်းကပ်ဆောင်ရွက်ရမည်ဖြစ်သည်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဖြစ်သည်။ နိုင်ငံတကာမှ ကူညီထောက်ပံ့မှုသည် ထိုနိုင်ငံတခုချင်းစီ၏ စွန့်စားလိုစိတ်၊ လုပ်နိုင်စွမ်းနှင့် မြန်မာပြည်ရှိ ၎င်းတို့မြှုပ်နှံထားသော အကျိုးစီးပွားများအပေါ် မူတည်နေပေသည်။ အမေရိကနှင့်တကွ အခြားသော ဒီမိုကရေစီ မဟာမိတ်များ၏ ကူညီထောက်ပံ့မှု အရေးကြီးသည်မှာ မှန်၏။ သို့သော် တော်လှန်ရေးအောင်မြင်ဖို့ အကောင်းဆုံးလုပ်ပေးနိုင်မှာကတော့ ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများပဲ ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းဖို့ ကြိုစားနေကြသော နိုင်ငံတကာအစုအဖွဲ့များ သဘောပေါက်ထားရမည်မှာ ဒီမိုကရေစီအင်အားစုများကသာ ၎င်းတို့ရည်မှန်းချက်များအတွက် လက်တွေ့ကျကျ လုပ်ဆောင်ပြီး သံတမန်ရေးရာမှာလည်း  အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဆိုပါက စစ်အုပ်စု၏ နေဝင်ချိန် ရောက်လာမည်ဆိုသည့်အချက်ပင် ဖြစ်သည်။ ပါဝင်သူအားလုံး၏ အမြင်ပြောင်းလဲခြင်းသည်သာ မြန်မာပြည်အကျပ်အတည်းကို ဖြေရှင်းပေးမည့် တခုတည်းသောလမ်းကြောင်း ဖြစ်ပေတော့သည်။

နွေဦးဇင်

( The Diplomat မဂ္ဂဇင်းမှာ Jordan Eriksson ရေးသားထားတဲ့  “There’s No ‘Political Solution’ to Myanmar’s Crisis” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024