ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းတွေကို စစ်ကောင်က ဝင်ရောက် စီးနင်းပြီး စက်ယန္တရားတွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက ပြောတယ်။
ပင်လုံကျေးရွာ နဲ့ မော်ဟန်ကျေးရွာအနီး တရားမဝင်ရွှေတူးဖော်တဲ့ နေရာကို ဇွန် ၁၃ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရွှေတူးဖော်တဲ့ ဘတ်ဖိုး ၁၀ စီးထက်မနည်း သိမ်းဆည်းသွားတာလို့ ဆိုပါတယ်။
"အရင်ကတော့ ပင်လုံရွာ နဲ့ မော်ဟန်ရွာ အနောက်ဘက်က လေးတန်ချောင်းထဲမှာ တနိုင်တပိုင် တူးနေတဲ့သူတွေ ရှိတယ်။ အဲဒီအချိန်က အခြေအနေ မဆိုးသေးဘူး။ ခုနောက်ပိုင်း လုပ်ငန်းရှင်တွေက စက်ယန္တရားတွေ ဘတ်ဖိုးတွေနဲ့ အသားကုန်တူးနေတာ။ ခုဆို ပင်လုံရွာနား ကပ်လာလို့ ဝင်ဖမ်းတာ။ တူးနေတဲ့နေရာကို စစ်တပ်က ဝင်စီးတာ ဘတ်ဖိုး ၁၀ စီး ကျော်လောက် အဖမ်းခံရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
မော်ဟန်ကျေးရွာ နဲ့ ပင်လုံကျေးရွာအနီးမှာ မျောစင်တွေနဲ့ တနိုင်တပိုင် တူးဖော်နေသူတွေ ရှိသလို ဘတ်ဖိုး စက်ယန္တရား ကြီးတွေနဲ့ တူးဖော်တဲ့ လုပ်ငန်းရှင် ၃၀ ဦးထက်မနည်းရှိပြီး ပင်လုံကျေးရွာအနီး ကပ်လာတဲ့အတွက် စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်း ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ ပူတာပိုမြို့နယ် တွေမှာ စက်ယန္တရားတွေနဲ့ နေ့ည မပြတ် ရွှေတူးဖော်နေကြပြီး ဝိုင်းမော်မြို့နယ် အင်ဂန်းယန်ကျေးရွာအနီး ရွှေတူးဖော်ရေးလုပ်ငန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်မှာ စစ်ကောင်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပေမယ့် အခုအချိန်ထိ စက်ယန္တရားတွေနဲ့ ဆက်လက်တူးဖော်နေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။