ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့မှာ စစ်ဘေးရှောင်တွေနေထိုင်တဲ့ စခန်းတခုကို စစ်ကောင်စီတပ်က ဇွန် ၁၅ ရက်မနက်မှာ လေယာဉ်နဲ့ ဗုံးကြဲ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတချို့ ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ မိုးဗြဲ လင်းယုန်တပ်ခွဲထောက်ပို့က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာရှောင်တိမ်းနေကြရတဲ့ မိုးဗြဲစစ်ဘေးရှောင်တွေ နေထိုင်ရာ စခန်းတခုကို ဒီမနက် ၂ နာရီလောက်မှာ လက်နက်ကြီးတွေ ၁၅ ကြိမ်ထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စစ်ရှောင်တဲတချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဇွန် ၁၄ ရက် ည ၉ နာရီကျော်မှာလည်း စစ်ကောင်စီတပ်က မိုးဗြဲစစ်ဘေးရှောင်စခန်းတခုကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး မနက် ၂ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ပြည်သူ လေးယောက် ထိခိုက်ခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် ရွှေလင်းယုန်တပ်ခွဲက တာဝန်ရှိသူတယောက်က ပြောပါတယ်။
"နေရာကတော့လုံခြုံရေးအရ ကျနော်တို့ အတိကျမပြောပြတော့ဘူး။ လေကြောင်းကနေ တိုက်ခိုက်ခံရရပေမဲ့ ထိခိုက်သူမရှိဘူး။ လွိုင်ကော်၊ ဖယ်ခုံကနေလာတဲ့ လက်နက်ကြီးမှန်ထားတဲ့ ပြည်သူလေးဦးရှိပါတယ်ဗျာ"
စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ဘယ်နေရာမှ မလုံခြုံတာကြောင့် သတိဝီရိယရှိနေဖို့နဲ့ ဘေးကင်းတဲ့နေရာတွေမှာ ရှောင်နေပေးကြဖို့ မိုးဗြဲ စစ်ဘေးရှောင်ကော်မတီက တိုက်တွန်း ပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က မိုးဗြဲမြို့အနှံ့ နေရာယူထားပြီး တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပေါ်လာနိုင်တာကြောင့် ခရီးသွားတွေနဲ့ ဒေသခံတွေ မိုးဗြဲ-ပီကင်းလမ်းပိုင်းကို အသုံးမပြုကြဖို့နဲ့ လက်နက်ကြီးနဲ့ လေယာဉ်အန္တရာယ်ကို အထူးသတိပြုကာ လုံခြုံဘေးကင်းတဲ့ နေရာတွေမှာ သတိနဲ့နေထိုင်ကြဖို့ မိုးဗြဲ လင်းယုန်တပ်ခွဲထောက်ပို့က သတိပေးထားပါတယ်။