Home
မြန်မာသတင်း
နတ္တလင်းတွင် ခရီးသည်တင်ယာဉ် သစ်ပင်ဝင်တိုက်ပြီး ၁ ဦးသေဆုံး
DVB
·
June 15, 2023
354426252_164358229953412_971576408360888124_n

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့မှာ ကောင်းမြတ်သာ (EXPRESS) ခရီးသည်တင်အမြန်ယာဉ် လမ်းချော်ပြီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်ရာက အမျိုးသား တယောက် သေဆုံးပြီး လေးယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြို့ခံပရဟိတအသင်းထံက သိရပါတယ်။

ဇွန် ၁၅ ရက် မနက် ၄ နာရီကျော်လောက်က နတ်တလင်းမြို့အဝင် စစ်ဆေးရေးဂိတ်အနီး လမ်းကွေ့မှာ မိုးရွာထားပြီး လမ်းချော်ရာက အခုလို မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကာ သေဆုံးနဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာလို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “မိုးရွာထားတဲ့ရက်တွေဆို ဒီလမ်းမကြီး (ရန်ကုန်-ပြည်) မှာ လမ်းချော်ပြီး စလစ်ဖြစ်တာတွေ များတယ်ဗျ။ မိုးရွာထားတဲ့ရက်တွေဆို ကားဆရာတွေအနေနဲ့ သတိထား မောင်းစေချင်ပါတယ်။ သေဆုံးသူက ကားစပယ်ယာပါ။ သစ်ပင်ကိုဝင်တိုက်ပြီး ကားမှန်တွေကို ဖောက်ထွက်ပြီး လမ်းဘေးမြောင်းထဲ ကျသွားတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်-မကွေး ပြေးဆွဲနေတဲ့ ကောင်းမြတ်သာ ခရီးသည်တင်ယာဉ်ပေါ်က အသက် ၃၀ ဝန်းကျင်ခန့် အမျိုးသား ယာဉ်နောက်လိုက် နေရာတင်သေဆုံးခဲ့ပြီး အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး နှစ်ယောက်တို့ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ဓမ္မဝံသာနုရက္ခိတအသင်းနဲ့ ကရုဏာသိဒ္ဓိ လူမှုကူညီရေးအသင်းတို့က နတ်တလင်းမြို့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

အခုလ ၄ ရက်နေ့ကလည်း ရန်ကုန်-ပြည် ကားလမ်းမပေါ်မှာ ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားပြီး နှစ်ယောက် သေဆုံးကာ နှစ်ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

Photo - ဓမ္မဝံသာနုရက္ခိတအသင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024