ဇွန် ၁၉ ရက်နေ့ ကျရောက်မယ့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းသပိတ်ဖော်ဆောင်ဖို့ သပိတ်ဦးဆောင် ကော်မတီတွေက စီစဉ်နေပြီး ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက တိုက်တွန်းလိုက်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံမှာတင်မကဘဲ နိုင်ငံတကာကပါ ပန်းတွေနဲ့တွဲပြီး သိမြင်ကြတာဖြစ်တဲ့အတွက် ပန်းသပိတ်ကိုဖော်ဆောင်ဖို့ ကြိုးစားတာလို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တင်မကဘဲ ခေတ်အဆက်ဆက် တော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေနဲ့ လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို မမေ့လျော့ကြောင်း ပြည်သူတွေက ပန်းသပိတ်မှာ ပါဝင်ခြင်းအားဖြင့် ဖော်ညွှန်းပေးကြဖို့ ဒေါက်တာတေဇာဆန်းက တိုက်တွန်းပါတယ်။
သပိတ်ကော်မတီတွေကတော့ ဇွန် ၁၅ ရက် ညနေပိုင်းကစပြီး ပန်းသပိတ်အကြိုလှုပ်ရှားမှုတွေ ပြင်ဆင်ဆောင်ရွက်မှုတွေကို အင်တာနက် လူမှုကွန်ရက်တွေမှာ စတင်လှုပ်ရှားမယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လေးစားတန်ဖိုးထားသောအားဖြင့်၊ နောက်ပြီး ခေတ်အဆက်ဆက်မှာ တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးထုကြီးရဲ့ဂုဏ်ရည်ကို ဖော်ညွှန်းခြင်းအားဖြင့် ပြည်သူတရပ်လုံးက ပန်းသပိတ်လှုပ်ရှားမှုကြီးမှာ ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်းတယ်လို့ သပိတ်ဦးဆောင်ကော်မတီ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။
“ပန်းသပိတ် ဘာကြောင့်လုပ်ကြသလဲဆိုတော့ စစ်အာဏာရူးတွေက ကျနော်တို့ ပြည်သူတွေ ကြားထဲမှာ အကြောက်တရား ကိန်းအောင်းသွားစေချင်တာဗျ။ သွေးပျက်သွားစေချင်တာ၊ တုန်လှုပ်သွားစေချင်တာ။ ဒါပေမဲ့ တော်လှန်ရေးကြီးက ၂ နှစ်ကျော် ၃ နှစ်ထဲ ရောက်ခဲ့ပြီ။ ပြည်သူတွေ လုံးဝကြောက်ရွံ့သွေးအေးသွားခြင်းမရှိဘူး။ စစ်မိစ္ဆာတွေကို အစွမ်းကုန် တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံနေရပါစေ၊ စစ်အာဏာရူးတွေကို မောင်းထုတ်ဖို့အတွက်ဆို ပြည်သူတရပ်လုံးက ကြံ့ကြံ့ခံလျက်ပဲ၊ ပန်းပန်လျက်ပဲရှိတယ်ဆိုတာ ပန်းသပိတ်နဲ့ ဖော်ညွှန်းခြင်းဖြစ်ပါတယ်။ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးက ပန်းကလေးတွေနဲ့တွဲပြီးတော့ ရှုမြင်ကြပြီးသား ဖြစ်ပါတယ်ဗျ။ လာမယ့် ဇွန်လ ၁၉ ရက်နေ့ မွေးနေ့ကို အကြောင်းပြုပြီး တနိုင်ငံလုံးကပေါ့ဗျာ ပန်းသပိတ်မှာ ပါဝင်လှုပ်ရှားကြဖို့ လေးလေးနက်နက် တိုက်တွန်းချင်ပါတယ်။ ပန်းနဲ့ပတ်သက်တဲ့ ဖော်ဆောင်မှုတွေကို ကိုယ်ဉာဏ်ရှိသလို ကွန့်မြူးပြီးတော့ ဖော်ဆောင်ကြဖို့ဖြစ်ပါတယ်။ ဖက်ဆစ်အာဏာရူးတွေ ဘယ်လောက်ပဲ ဓားရေးတွေပြပြ ပြည်သူလူထုရဲ့ တော်လှန်တဲ့ပန်းတွေ ဖွေးဖွေးလှုပ်အောင် ဆက်ပြီးပွင့်နေမယ်ဆိုတာ ဇွန်လ ၁၉ ရက်နေ့မှာ တနိုင်ငံလုံးက သက်သေပြလိုက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။”
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ် အထိ ၂၁ နှစ်အတွင်း ၁၅ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီး အာဏာသိမ်း စစ်ကောင်စီလက်ထက် ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ နောက်ထပ် ၃ နှစ်နီးပါး အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရတာပါ။
အဲ့ဒါကြောင့် ၁၉၈၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း သူ့မွေးနေ့ ၁၈ ကြိမ်ကို အကျဉ်းချခံနေရတုန်းမှာ ဖြတ်သန်းခဲ့ရပါတယ်။