ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်စခန်းနှစ်ခုကို KNDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဇွန် ၁၁ ရက် ညနေ ၆ နာရီကျော်က တရက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNDF တပ်ရင်း ၁၄ က ဇွန် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
လွိုင်ကော်မြို့နယ်ထဲက ဒေါတခြားကျေးရွာအနီး စစ်ကောင်စီတပ်ရဲ့ဂိတ် ရေတံခါးစခန်းတခုကို ညနေ ၆ နာရီကျော်မှာ KNDF တပ်ရင်း ၁၄ နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တရက်တည်းမှာပဲ နွားလဝိုးကျေးရွာအနီး နွားလဝိုးလမ်းခွဲ စစ်ဆေးရေးဂိတ်စခန်းကိုလည်း လက်နက်ကြီးငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ဆိုပါတယ်။
ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက် သေဆုံးတာတွေရှိသလို စစ်ကောင်စီတပ်စခန်းအတွင်းရှိ အဆောက်အဦတွေ ပျက်စီးသွားတယ်လို့ ကရင်နီ တပ်ဖွဲ့က ပြောပေမဲ့ အရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။
“အရင်ရက်က နွားလဝိုးလမ်းခွဲဂိတ်မှာ သူတို့တိုက်ခိုက်ခံရပါတယ်။ သူတို့ဘက်က မျက်မြင် ၅ ယောက်လောက်သေပြီး ထိခိုက်ဒဏ်ရာရသူ များနိုင်ပါတယ်။ လက်နက် ၂ လက်လည်း ရရှိပါတယ်။ မြို့ထဲမှာတော့ ဘာလှုပ်ရှားမှုမှ မရှိပါဘူး” လို့ ရဲဘော်တယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က အထိနာလို့ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်တာကြောင့် KNDF တပ်ရင်း ၁၄ က ရဲဘော်နှစ်ဦး ထိခိုက်မိတယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေက အနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်နေတာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာတွေ လုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေ သေချာစောင့်ကြည့်လေ့လာပြီးမှ သွားလာကြဖို့ တိုက်တွန်းထားပါတယ်။