မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်တံတားပေါ်မှာ ဇွန် ၁၃ ရက် နေ့လယ် ၃ နာရီကျော်က စစ်ကားတစီးနဲ့ ဆိုင်ကယ်နှစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့လို့ ဆိုင်ကယ်ပေါ်က အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
သံလွင်တံတားပေါ်မှာ မုတ္တမဘက်ကနေ မောင်းနှင်လာတဲ့ စစ်ကားက ကုန်ကားကို ကျော်တက်စဉ် လမ်းတဖက်ခြမ်းကို ရောက်ရှိပြီး အရှိန်မထိန်းနိုင်ဘဲ မော်လမြိုင်ဘက်က မောင်းနှင်လာတဲ့ ဆိုင်ကယ်နှစ်စီးကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။
မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တဦးက “စစ်ကားက ခြောက်ဘီးကုန်တင်ကားကို ကျော်တက်တာ၊ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောက ဆိုင်ကယ်တွေကို ဝင်တိုက်တာ၊ စစ်ကားလည်း မှောက်သွားတယ်။ အတိုက်ခံရတဲ့ ဆိုင်ကယ်ပေါ်ကလူတယောက်လည်း တံတားပေါ်ကပါ ပြုတ်ကျပြီး ဆုံးသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကားက ဆိုင်ကယ်နှစ်စီးကို ဝင်တိုက်မိရာ မုတ္တမမြို့ တိုးချဲ့ရပ်ကွက်မှ ဦးသိန်းသန်းဦး (အသက် ၄၆ နှစ်) သေဆုံးခဲ့ပြီး နောက်ထပ်ဆိုင်ကယ်တစီးပေါ်က အမျိုးသား ၂ ဦးလည်း ခြေထောက်နဲ့ လက်ကျိုး ဒဏ်ရာတွေရရှိပြီး မော်လမြိုင်မြို့ စစ်မြေပြင်ဆေးတပ်ရင်း ခုတင်-၃၀၀ မှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
စစ်ကားလည်း အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောမှ တံတားဘောင်ကို ဝင်တိုက်ရာမှ တိမ်းမှောက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း အသေးစားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။