Home
မြန်မာသတင်း
လုံခြုံရေးတင်းကျပ်သဖြင့် ရန်ကုန်ယူဂျီများ မစ်ရှင်လုပ်ရန် ခက်ခဲလာ
DVB
·
June 14, 2023
Yangon security

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီး ၂ နှစ်ကျော် ၃ နှစ်နီးပါးကြာလာတဲ့အချိန်မှာ ရန်ကုန်မြို့က ပြောက်ကျားတပ်ဖွဲ့ ယူဂျီတွေအနေနဲ့ မစ်ရှင်တွေကို အရင်ကထက် ဆောင်ရွက်ဖို့ ခဲယဥ်းလာတယ်လို့ ရန်ကုန်ယူဂျီတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

စစ်တပ်က ရန်ကုန်မြို့ရဲ့ နေရာတချို့ကို စစ်အုပ်ချုပ်ရေး စစ်အုပ်ချုပ်ရေး ထုတ်ပြန်အပြီး ရန်ကုန်မြို့ကို လုံခြုံရေး တိုးမြှင့်ချထားတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ကို အခြေပြုလှုပ်ရှားနေတဲ့ Yangon UG Association - YUA တာဝန်ခံ ဆရာကျောင်းက ပြောပါတယ်။

“မစ်ရှင်တွေနည်းလာတာ ဟုတ်တယ်။ တကယ်တမ်းပြောရရင် ကျနော်တို့ မြို့ပြမှာ ရပ်တည်ပြီး တော်လှန်ရေးလုပ်တယ်ပေါ့ဗျာ။ အဲ့နေရာမှာ လုံခြုံရေးကို အဓိက အားစိုက်လာရတယ်။ အရင်ကလို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး မြို့လယ်ကောင်ပွဲတွေ ကတယ်၊ အခုကျတော့ အရင်လိုမဟုတ်တော့ဘူး။ အားလုံးသိတဲ့အတိုင်း ပြည်သူတွေကလည်းပဲ ပါဝင်တာ နည်းလာတယ်။ ကျနော်တို့က YUA အတွက်ဆိုပြီး သီးသန့်ရရှိလာတဲ့ ကမ်ပိန်းတွေ အဖွဲ့တွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေရတာလည်း ဖြစ်ပါတယ်။ ဆိုတော့ မစ်ရှင် နည်းနည်းကို ထိခိုက်မှုများများဖြစ်အောင် လုပ်ရတာပေါ့ဗျာ။ လွယ်တော့မလွယ်ဘူးလေ။ ရန်ကုန်ဆိုတာ ရှင်းရှင်းပြောရရင် ရန်သူ့စိုးမိုးနယ်မြေပါပဲ။ ဂရုတော့ စိုက်ရတာပေါ့ဗျာ။”

YUAဟာ စစ်ကောင်စီ အာဏာသိမ်းယူပြီး အချိန်တိုအတွင်းမှာ ခုခံတော်လှန်စစ်ကို စနစ်တကျ ဆောင်ရွက်လာခဲ့ကာ အောင်မင်္ဂလာ စစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်မှုပေါင်း ၁၅ ကြိမ်၊ ပြည်သူ့ကမ်းလက်စစ်ဆင်ရေး အနေနဲ့ ၁ဝ ကြိမ်၊ အသက်လျော်ကြေးစစ်ဆင်ရေး အနေနဲ့ ၇ ကြိမ်အထိ ရှိခဲ့ပြီဖြစ်ပြီး ခေါင်းစဥ်မတပ်ထားတဲ့ တိုက်ခိုက်မှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

မြို့ပြမှာ စစ်ဆင်ရေးလုပ်ဆောင်ရာမှာ ငွေကြေးမလုံလောက်တဲ့ အခက်အခဲရှိသလို ပြည်သူတွေလည်း စားဝတ်နေရေး ကျပ်တည်းနေတာကြောင့် ထောက်ပံ့မှုလည်း နည်းပါးသွားတယ်လို့ ရန်ကုန်မြို့နေ တော်လှန်ရေးလူငယ် တဦးက ပြောပါတယ်။

“မြို့ပြယူဂျီ​တွေအတွက် အခက်အခဲက ​ငွေ​ကြေး၊ ပတ်ဝန်းကျင်အ​ခြေအ​နေ၊ မြို့ပြပြည်သူလူထုရဲ့ ​တော်လှန်​ရေးအ​ပေါ် စိတ်ပါဝင်စားမှု မရှိမှုနဲ့ တစုံတရာ အတိမ်းအ​စောင်း​ကြောင့် ထိခိုက်လို့ လစ်ဟာသွားတဲ့​နေရာ​တွေမှာ အစားထိုး ဝင်​ရောက်နိုင်မှု မရှိတာတွေကြောင့်ပါ။ ကျနော်မြင်သလောက်ဆိုရင် ယူဂျီဆို ထောက်ပံ့ချင်တာ ရှားတယ်။ နောက်ပိုင်းဖြစ်စဥ်တွေမှာ ယူဂျီ တပ်ဖွဲ့ဝင်တွေ မိသွားရင် ထောက်ပို့တွေပါ အဖမ်းခံရတာမျိုးပေါ့။ နောက်ပြီးတော့ မြို့​နေလူထုမှာ အ​ခြေခံလူတန်းစားက လုံးဝ ကျပ်တည်း​နေပြီ။ အရင် ဆန်တပြည် ၂,၀၀၀ ​မှာ တရက် ၈,၀၀၀ ရတဲ့ အလုပ်ကြမ်းသမားတယောက်က အခု တရက် ၇,၀၀၀​ ရပြီး ဆန်တပြည် ၄,၀၀၀ ​လောက်နဲ့ ဝယ်စား​နေရတဲ့အချိန်မှာ သူ အသက်ရှင်ရပ်တည်နိုင်ဖို့က ပထမဦးစား​ပေး ဖြစ်လာတာတွေ၊ လူလတ်တန်းစားတွေနဲ့ ချမ်းသာတဲ့အသိုင်းအဝိုင်း ကြပြန်တော့လည်း စစ်ကြီး မြို့ပေါ်ရောက်လာရင် တိမ်းရှောင်ဖို့ ကြိုတင်စုဆောင်းတာတွေ၊ ပြည်ပထွက်ဖို့ လုပ်နေတာတွေ ဖြစ်လာကြတယ်။ ဒါတွေကြောင့်လို့ပဲ ထင်ပါတယ်။”

လက်ရှိမှာတော့ တော်လှန်ရေးကာလ ၃ နှစ်ထဲကို ဝင်လာတာနဲ့အမျှ မြို့ပြလှုပ်ရှားမှုတွေ အနေနဲ့ လျော့နည်းလာနေပြီး ပြည်သူတွေရဲ့ စားဝတ်နေရေး လုံခြုံရေး အကာအကွယ် မရှိတဲ့အတွက် ခိုး၊ ဆိုး၊ လု၊ နှိုက်မှုတွေလည်း မြင့်တက်လာနေကာ စစ်ကောင်စီတပ်အနေနဲ့ လူငယ်တွေကို စစ်ဆေးဖမ်းဆီးတာတွေလည်း ပိုမိုများပြားလာနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024