နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်မှာ ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်က ၂၂ ဘီးကုန်တင်ယာဥ်တစီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကိုဝင်တိုက်ခဲ့ပြီး ယာဥ်မောင်းဖြစ်သူ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တပ်ကုန်းဘက်ကနေ ပျဥ်းမနားကို မောင်းလာတဲ့ ၂၂ ဘီးကုန်တင်ယာဥ်ဟာ ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာ ရန်ကုန်- မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၂၃၈/၄ နဲ့ ၂၃၈/၅ မှာ သစ်ပင်ကို ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အရှိန်ကပြင်းတော့ လက်ပြတ်သွားတယ်၊ ခေါင်းကွဲသွားတယ်၊ ပြည်စံအောင် ကရုဏာရှင်အသင်းက ခုတင် ၁၀၀၀ ကို ပို့လိုက်တယ်။”
သေဆုံးသူမှာ ၂၂ ဘီးယာဥ်မောင်းသူမှာ ကိုဇော်မင်းသိန်းဖြစ်ပြီး မန္တလေးမှာ နေထိုင်သူတဦးဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂၁ ရက်ကလည်း နေပြည်တော်-ကန်ပြားကားလမ်းမ မိုင်တိုင် ၂၆ မိုင် ၅ ဖာလုံ ရွှေပန်းတောအနီးမှာ မန္တလာမင်း ခရီးသည်တင်ယာဥ်နဲ့ ဟိုက်ဂျက်ယာဥ်တို့ တိုက်မိကာ ငါးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။