ထိုင်း-ကရင်နီနယ်စပ်၊ ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့လက်အောက်ခံ မယ့်စဲရဲစခန်းနဲ့ တောင်လှစခန်းကို ဒေသခံ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ KNDF နဲ့ KA ပူးပေါင်းတပ်တွေက ဇွန် ၁၃ ရက် ဒီနေ့မနက် ၆ နာရီမှာ သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က စခန်းမှူး သေဆုံးခဲ့တယ်လို့ ဒေသခံ ပြည်သူတယောက်က ပြောပါတယ်။
“စစ်ကောင်စီဘက်က စခန်းမှူး အပါအဝင် သေဆုံးတဲ့လူတွေများပြီး လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်။ သူတို့ဘက်က အထိနာလို့ လေယာဥ်တွေနဲ့ လာရောက်ပစ်ခတ်တာတွေ ရှိတယ်။”
ကရင်နီပြည်နယ်ရဲ့ သံလွင်အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ တောင်လစခန်း၊ မယ်တနွယ်၊ BP-14 စခန်းကုန်းတွေမှာလည်း တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေတယ်လို့ သိရပါတယ်။
သံလွင်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူ အတိအကျနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်၊ စစ်ရေးအခြေအနေ အတိအကျကိုတော့ KNDF နဲ့ KA တပ်ဖွဲ့တွေက ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
စစ်ကောင်စီတပ်ဘက်က အထိနာနေတဲ့အတွက် ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဥ်တွေ ဝဲနေတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှာကို ဒေသခံပြည်သူနဲ့ စစ်ဘေးရှောင် ပြည်သူတွေ ကြောက်လန့်နေရတယ်လို့ သိရပါတယ်။
ကရင်နီ(ကယား)ပြည်နယ် နယ်စပ်ဒေသမှာ ဒီကနေ့ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာကြောင့် ထိုင်းနိုင်ငံ ဆောင်ဟီကျေးရွာဘက်ကို မြန်မာစစ်ဘေးရှောင်တချို့ ထွက်ပြေး ခိုလှုံရောက်ရှိလာလို့ ထိုင်းအာဏာပိုင်တွေက ကူညီ စောင့်ရှောက်ပေးထားပါတယ်။