Home
မြန်မာသတင်း
ရွှေဘိုတွင် စစ်တပ်မိုင်းဆွဲခံရ၊ အင်ကြင်းတောင်ရွာတိုက်ပွဲ၌ ပျူစောထီး ၄ ဦး ဖမ်းဆီခံရ
DVB
·
June 13, 2023
181525-US-dollars-730x365

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ သံဘိုကျေးရွာနားမှာ ဇွန် ၁၂ ရက် မနက် ၈ နာရီကျော်က စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘို LPDF  ခေါင်းဆောင်တွေဆီက သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ကိုးပင်စစ်တပ်ကနေ သံဘိုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာလို့ ပြည်သူကာကွယ်ရေးခေါင်းဆောင်တဦးက ပြောပါတယ်။ 

“ဒီကောင်တွေ စစ်ကြောင်းစထိုးလာကတည်းက သတင်းရတာ။ ဘယ်ကို သွားမယ်။ ဘာလုပ်မယ် ဆိုတဲ့ အသေးစိတ်ကို ဖရဲသီးက အတိကျ သတင်း ပို့ထားတယ်။ အခုလည်း လက်နက်ကြီးတွေနဲ့ ချောင်းဆုံ၊ ရေအေးကုန်၊ သံဘိုရွာ၊ ကျီးကန်ရွာတွေဘက်ကို ပစ်နေတယ်။ ဒီနေ့ကျတော့ အသင့်စောင့်နေတဲ့ သတ်ကွင်းထဲဝင်လာပြီး ထောင်ထားတဲ့ တိုက်မိုင်းမိပြီး ၃ ကောင်တော့ နေရာ တင် သေဆုံးသွားတယ်”လို့ ပြောပါတယ်။

စစ်တပ်က ညနေပိုင်းနဲ့ ညပိုင်းတွေမှာ လက်နက်ကြီးနဲ့ ပစ်လို့ ကျေးရွာ ၄ ရွာက ပြည်သူ ထောင်ချီ ထွက်‌ပြေးနေရပြီး သံဘိုရွာထဲ လက်နက်ကြီး ကျခဲ့တယ်လို့ သိရပေမဲ့ အပျက်အစီး အသေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ရွာက ပျူစောထီးအဖွဲ့ကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့က ဇွန် ၉ ရက် မနက် ၄ နာရီခွဲမှာ ဝင်ရောက်စီးနင်းခဲ့ပြီး စစ်သုံ့ပန်း ၄ ယောက်နဲ့ လက်နက်တွေ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။ 

အင်ကြင်းတောင်ရွာက ပျူစောထီးတွေနဲ့ ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး ၃ ယောက် သေဆုံးကာ ၄ ယောက်ကို အရှင်ဖမ်းရမိခဲ့တာလို့ Students Revolutionary Force က ဇွန် ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ 

Students Revolutionary Force သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက "တိုက်ပွဲ ၁ နာရီကျော် အကြာမှာ ပျူစောထီးတွေ တပ်ဆုတ် ထွက်ပြေးတာပါ။  ပျူစောထီးအင်အားကိုတော့ မသိ ရပါဘူး" လို့ ပြောပါတယ်။ 

အင်ကြင်းတောင်ရွာက ပျူစောထီးတွေဖြစ်တဲ့ ကံငြိမ်း (၆၅) နှစ်၊ ပြည့်ဘော်  (၅၈) နှစ်၊ ဝင်းဦး (၃၇) နှစ်နဲ့ အေးဆွေ  (၅၇) နှစ်တို့ကို အရှင်ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ 

ဒါ့အပြင် Carbine M-2 သေနတ် ၁ လက်၊ 4.8 ပြောင်းချောသေနတ် ၂ လက်၊ က.ပ.စ ထုတ်ကျည်ထိုး ၁ လက်၊ တူမီး ၂ လက်၊ 4.8 ကျည် ၆၃ တောင့်၊ 0.30 ကျည် ၁၁၄ တောင့်နဲ့ အတူ ဖုန်း ၃ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024