ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ တံခွန်တိုင်အုပ်စု အနောက်ကျေးရွာအနီးမှာ ဇွန် ၁၂ ရက် ဒီနေ့မနက် ၇ နာရီက ခရီးသည်တင်ယာဥ်တစီးက ရပ်ထားတဲ့ဆိုင်ကယ်ကို ဝင်တိုက်ခဲ့ပြီး ဆိုင်ကယ်ပေါ်ပါ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၇ နာရီက ပုသိမ်ဘက်ကနေ ရန်ကုန်ကို မောင်းလာတဲ့ ခရီးသည်တင်ယာဥ်တစီးဟာ အရှိန်မထိန်းနိုင်ဘဲ ဘီးချော်ကာ လမ်းဘေးမှာရပ်ထားတဲ့ ဆိုင်ကယ်ကို ဝင်တိုက်ခဲ့ရာ ဆိုင်ကယ်ပေါ်က အမျိုးသမီးငယ်တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရန်ကုန်-ပုသိမ် ကားလမ်းက ကျဥ်းကျဥ်း၊ မိုးကလည်းရွာထားတော့ စလစ်ဖြစ်သွားတာ၊ အရှိန်ကပြင်းတော့ လမ်းဘေးမှာရပ်ထားတဲ့ ဆိုင်ကယ်ကို အနောက်ကနေဝင်တိုက်တာ၊ ကောင်မလေးက အသက် ၂၀ ဝန်းကျင်လောက်ပဲရှိတယ်၊ ပွဲချင်းပြီးပဲ၊ ကားသမားကို ရဲတွေဖမ်းသွားတယ်။”
အဆိုပါယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး ခရီးသည်တင်ယာဥ်မောင်းနှင်သူ ယာဥ်မောင်း ဦးအောင်ထွန်းဝင်းကို ကျောင်းကုန်းမြို့မရဲစခန်းက (ပ)၁၀/၂၀၂၃ ပုဒ်မ ၃၀၄(က) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်-ပုသိမ် ကားလမ်းပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်က ယာဥ်တိုက်မှု၊ ကားမီးလောင်မှုတွေ ဖြစ်ခဲ့ပြီး လူ ၁၀ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။