Home
မြန်မာသတင်း
ဆားမလောက်ရဲဘက်စခန်းကို စစ်ကောင်စီ နယ်လုံဝန်ကြီးနှင့်အဖွဲ့ စစ်ဆေး
DVB
·
June 12, 2023
Sar Ma Lout Prison

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ သဇင်ရေကျော်ကျေးရွာရှိ ဆားမလောက်ရဲဘက်စခန်းကို ဇွန် ၁၂ ရက် ဒီနေ့မနက်က စစ်ကောင်စီတပ်က နယ်လုံဝန်ကြီးနဲ့အဖွဲ့ စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆားမလောက်ရဲဘက်စခန်းကို ဒီနေ့မနက် ၉ နာရီက စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီး၊ ရဲမှူးကြီး အပါအဝင် စစ်ကောင်စီတပ်နဲ့ ရဲအင်အား အများအပြား လာရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရဲဘက်စခန်းမှာ ဘာဖြစ်လဲတော့ မသိဘူး၊ စစ်တပ်က ဗိုလ်မှူးကြီးတွေပါလာတယ်။ အကျဥ်းသားတွေကို မေးမြန်းစစ်ဆေးတာတွေရှိတယ်။ စခန်းက အသိတယောက် ပြောတာတော့ လုံခြုံရေးကိစ္စနဲ့လာတာပဲ ပြောတယ်၊ ကျန်တာတော့ မသိဘူး။”

ဆားမလောက်ရဲဘက်စခန်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ ရဲမှူးကြီးတင်ဇော်ထွန်းနဲ့အဖွဲ့ လာရောက်စစ်ဆေးခဲ့တာဖြစ်ပြီး စစ်ဆေးတဲ့အကြောင်းအရာကို လုံခြုံရေးအရ ပြောပြခွင့်မရှိဘူးလို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဝန်ကြီးနှစ်ဦး လာစစ်ဆေးတာ။ ရဲဘက်စခန်းရဲ့ လုံခြုံရေးအတွက်ပါတယ်။ ကျန်တဲ့ကိစ္စတွေကတော့ ပြောခွင့်မရှိဘူး။”

စစ်ကောင်စီတပ်တွေ လာရောက်စဥ် ရဲဘက်စခန်း အနီးဝန်းကျင်မှာ စစ်တပ်နဲ့ ရဲအင်အား အများအပြားကို လုံခြုံရေးချထားပြီး လမ်းသွားလမ်းလာနဲ့ ဆိုင်ကယ်တွေကို ဖြတ်သန်းခွင့် မပေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ ဧရာဝတီတိုင်းအတွင်းဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတွေ၊ ရဲစခန်းနဲ့ အချုပ်ထောင်တွေမှာ အချုပ်သားတွေ ထွက်ပြေးခဲ့တဲ့ ဖြစ်စဥ်တွေကြောင့် လုံခြုံရေးတင်းကျပ်ထားဖို့ စစ်ကောင်စီတပ်သားတချို့ကို အင်အားဖြည့်တင်း ပို့ဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024