မန္တလေးတိုင်း၊ မြင်းခြံမြို့၊ ကြည်ရွာကျေးရွာမှာ တပ်စွဲအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် ဆိုင်ကယ်နဲ့ ဆီမီးခုံမြို့ကို ထွက်ခွက်လာစဉ် နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့က ဇွန် ၁၀ ရက် မနက် ၁၀ ခွဲလောက်မှာ ချုံခိုက်တိုက်ခိုက်ခဲ့တာကြောင့် ၂ ယောက်လုံး သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်းအမှတ်-၆၊ တပ်ခွဲ-၁ NYSGF က သတင်းထုတ်ပြန်ထားပါတယ်။
နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဒီပက “ကျနော်တို့က နေ့တိုင်းနီးပါး စစ်ကြောင်းထွက်တယ်။ အဲ့ကောင်တွေ ထွက်နေကျ လမ်းကြောင်းသိလို့ ကြိုစောင့်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာ။ ပစ်ပြီးပြီးချင်း နောက်ကြောင်းပြန်ဆုတ်ခဲ့ရတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိပါဘူး။ နောက်ကကောင်ကို ဗိုလ်လို့ထင်တာ မဟုတ်ဘူးဗျ တပ်ကြပ်ကြီး” လို့ ပြောပါတယ်။
ကြည်ရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ယောက် လက်နက်ကိုင်ဆောင်ပြီး ဆိုင်ကယ်နဲ့ ဆီမီးခုံမြို့နယ်ကို သွားလာနေချိန် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
အခုတိုက်ခိုက်မှုကို နောင်ရိုးအထူးပြောက်ကျားတပ်၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့နဲ့ Myingyan MP-9 အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး MA-1 ၁ လက်၊ ၅ ဒသမ ၅၆ ကျည် ၁၆ တောင့်၊ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရခဲ့ပါတယ်။
အခုလ ၆ ရက်ကလည်း ဆိုင်ကယ် ၃ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆီမီးခုံ-တလုပ်လမ်းပိုင်း၊ ဆင်းဂွတ်ရွာနဲ့ တောပုကျေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၃ ဦး သေဆုံးတယ်လို့ နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။