ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်နဲ့ လှိုင်မြို့နယ်အကြား ပါရမီလမ်းမပေါ်ရှိ အေဒီမီးပွိုင့်အနီးမှာ ယာဉ်တိုက်မှုဖြစ်ပြီး လူ ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ပရဟိတအသင်းထံက သိရပါတယ်။
ဇွန် ၁၁ ရက် ည ၁၀ နာရီက အေဒီမီးပွိုင့်အနီးမှာ ပရာဒိုကားနဲ့ ဆလွန်းကျူကားတို့ လမ်းချော်ပြီး တိုက်မိခဲ့ပါတယ်။
ဆလွန်းကျူကားပေါ်ရှိ ကိုအောင်ကုဋေ (၂၃ နှစ်) နဲ့ မထက်အိန္ဒြာကျော် (၂၃ နှစ်) တို့ သေဆုံးခဲ့ပြီး ပရာဒိုကားပေါ်ရှိ လူ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သွားရောက်ကူညီခဲ့တဲ့ ပရဟိတအသင်းက တာဝန်ရှိသူက “အမျိုးသမီးကိုတော့ ပထမဆုံး ဆေးရုံပို့ခဲ့ပါတယ်။ အမျိုးသားကတော့ ကားထဲမှာ ညပ်နေလို့ မနည်းဆွဲထုတ်ရတယ်။ သူက အဲ့ဒီအချိန်တည်းက အနီရောင်အဆင့်ဖြစ်နေပြီ။ ဆေးရုံပို့ရင်း ကားပေါ်မှာ ဆုံးသွားတယ်။ အမျိုးသမီးကတော့ ဆေးရုံရောက်မှ ဆုံးသွားတယ်” လို့ ပြောပါတယ်။
မနေ့ည ၁၂ နာရီလောက်ကလည်း ပါရမီလမ်း ပါရမီကစားကွင်းအရှေ့မှာ ကားတစီး လမ်းဘေးပလက်ဖောင်းကို ဝင်တိုက်မိပြီး လူ ၃ ဦး ဒဏ်ရာရှိခဲ့ပါတယ်။