ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် တခြား ရပ်ကျေးအုပ်ချုပ်ရေးမှူး သုံးယောက်ထက်မနည်း ရှောင်တခင် ကျန်းမာရေး အကြောင်းပြကာ နုတ်ထွက်ခွင့် တင်ထားကြောင်း အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူထံကသိရပါတယ်။
လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို အမည်မသိ သေနတ်သမားက ပစ်သတ်သွားပြီးနောက်ပိုင်း မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ ဧရာရပ်ကွက်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေကလည်း ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ခွင့်တင်ပြတာဖြစ်ပါတယ်။
အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူ ဒေသခံ အမျိုးသားတဦးက “လုံးခင်းအုပ်ကြီး ကိုကျော်ဆွေ ပစ်သတ်ခံရပြီး တခြားအုပ်ကြီးတွေလည်း အတော်လန့်ပုံရတယ်။ ကိုကျော်ဆွေ ပစ်သတ်ခံရပြီးမှ ရုတ်တရက်ကြီး ကျန်းမာရေး ထဖောက်ပြီး နုတ်ထွက်စာတွေ တင်ကုန်ကြတာ။ ခုလက်ရှိတော့ ကျန်းမာရေးထိခိုက်လို့ဆိုပြီး နုတ်ထွက်စာတင်တဲ့ အုပ်ချုပ်ရေးမှူး သုံးဦးလောက်ရှိတယ်” လို့ ပြောပါတယ်။
လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို ဇွန် ၉ ရက် နေ့လယ်ပိုင်းက အမည်မသိ သေနတ်သမားနှစ်ဦးက လုပ်ငန်းကိစ္စဆွေးနွေးဖို့ အကြောင်းပြ ခေါ်ဆောင်သွားပြီး သေနတ်နဲ့ ပစ်သတ်သွားခဲ့တာပါ။
ဖားကန့်မြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေနတ်ပစ်ခတ်မှုတွေ၊ ရိုက်နှက်သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီခန့် မက်လင်ချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုန်းကျော်အဖွဲ့နဲ့ ဟောင်ပါးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဖေ တို့ဟာ ၂၀၂၂ ခုနှစ်အတွင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါသေးတယ်။