Home
မြန်မာသတင်း
ဆားလင်းကြီးနှင့်ပုလဲမြို့နယ်တွင် PDF ပူးပေါင်းအဖွဲ့များ စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ဆင်နွှဲ 
DVB
·
June 11, 2023
352511415_6479391382176261_2392451201045509751_n

ဆားလင်းကြီးမြို့နယ်နဲ့ ပုလဲမြို့နယ်တွေမှာ PDF ပူးပေါင်းအဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ စခန်းတွေကို ပြန်သိမ်းယူခဲ့ပါတယ်။ 

Zero ပြောက်ကျားတပ်ဖွဲ့က လက်နက်ကိုင်ပြီး စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ပေါ် လှည့်လည်ကာ ပြည်သူကိုနုတ်ဆက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာကို စစ်ကောင်စီက ဇွန် ၈ ရက်ကစပြီး ဝင်ရောက်အကြမ်းဖက်နေတာကြောင့် ဇွန် ၉ ရက်နေ့ညနေမှာ ညောင်ပင်ကြီးရွာနဲ့ ရွာရှည်ရွာအကြားမှာတည်ရှိတဲ့ ညောင်ပင်ကြီးရဲစခန်းကို ဒေသခံ PDF အဖွဲ့တွေက စခန်းသိမ်းဝင်တိုက်ခဲ့တာပါ။ 

ညောင်ပင်ကြီးရဲစခန်းကို မီးရှို့နိုင်တဲ့အထိ PDF တွေဘက်က တိုက်ခိုက်နိုင်ခဲ့ပြီး စစ်သား ၈ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ ဆာလင်းကြီးပအဖ တာဝန်ရှိသူကပြောပါတယ်။ PDF တွေဝင်ရောက်တိုက်ခိုက်ချိန်မှာ နမခကနေ လေကြောင်းပစ်ကူပေးခဲ့တာကြောင့် PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ 

ဇွန် ၁၀ ရက်နေ့ကနေ လက်ရှိအချိန်အထိ တဆက်စပ်တည်းတည်ရှိတဲ့ ညောင်ပင်ကြီး၊ ထန်းတော၊ ရွာရှည် ၃ ရွာကို စစ်ကောင်စီက အင်အားသုံး ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆားလင်းကြီး ပအဖ တာဝန်ရှိသူတဦးက "မီးရှို့နိုင်ခဲ့တယ်ဆိုတော့ သိမ်းနိုင်ခဲ့တယ်ပေါ့။ အဲ့ဒီလိုပဲပြောရတော့မှာပေါ့။ (-) ဘက်ကအကျအဆုံးကတော့ ၈ ယောက် ၉ ယောက်တော့ရှိမယ်။ ကျနော်တို့ဘက်က ရဲဘော် ၁ ယောက်ကျဆုံးတယ်။ ခုကတော့ ရွာထဲမှာ သူတို့အင်အားအများကြီးပဲလေ၊ မုံရွာကနေကူးလာပြီးတော့ မီးရှို့နေတာဖြစ်တယ်။ စခန်းသိမ်းတိုက်ပွဲဆိုပြီးတော့ ရည်ရွယ်ချက်ရှိရှိ တိုက်ကြတာမဟုတ်ဘူး။ ၂ ဖက် ထိတွေ့စဖြစ်ကြရာကနေပြီးတော့ အဲ့လိုဖြစ်သွားတာ။ ပြည်သူ ၄ ယောက်ထိထားတယ်။ မစိုးရိမ်ရဘူးလို့တော့ကြားတယ်။ လေယာဉ်နဲ့ပစ်လို့လား လက်နက်ကြီးမှန်တာလားမသိသေးဘူး။ မုံရွာ ဒိုက်ဦးကုန်းကနေလည်းပစ်တယ်၊ ကျောက်မျက်တောင်ဘက်ကနေလည်းပစ်ပေးတာကိုး" လို့ ပြောပါတယ်။

ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီက ဆက်တိုက်စီးနင်းပစ်ခတ်နေတာကြောင့် နှင်းတော၊ ညောင်ပင်ကြီး၊ သိမ်တော်၊ ရွာရှည်၊ ထန်းတော၊ ပိုမ၊ ဝက်မှေး၊ ကန်တောကျေးရွာတွေက ပြည်သူ ၈ ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

တွေ့ရာသင်္ချိုင်းဓားမဆိုင်းအဖွဲ့မှ စွမ်းသူမောင်က "တော်လှန်ရေးရဲဘော်တွေပူးပေါင်းပြီးတော့ တိုက်ခိုက်ပါတယ်။ တိုက်ပြီးတော့ ၃ မိနစ်ကျော် ၅ မိနစ်လောက်အကြာမှာပဲ နမခကနေ လေယာဉ် ၃ စင်းတက်လာပါတယ်။ ရဲဘော်တွေ မဆုတ်ခွာဘဲနဲ့ ဆက်လက်ပြီးတိုက်ခိုက်တဲ့အတွက်ကြောင့် တောင်ဘက်ခြမ်းကိုမီးရှို့နိုင်ခဲ့တယ်။ (-) ဘက်က အကျအဆုံးတော်တော်များတယ်။ သေနတ် ၇ လက်၊ လက်ပစ်ဗုံး လက်ပစ်မိုင်း စကားပြောစက်တွေအထိ ကျနော်တို့ ရပါတယ်။ ဘယ်အဖွဲ့ကပဲ တိုက်တိုက် (-) သေရင် ဗိုလ်စွမ်းတို့ကတော့ ပျော်ပြီးသားပဲပေါ့" လို့ ပြောပါတယ်။

ပုလဲမြို့နယ်မှာလည်း ဇီးဖြူကုန်းပျူရွာ စစ်ကောင်စီအခြေစိုက်စခန်းကို PDF ပူးပေါင်းအဖွဲ့တွေက ဇွန် ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ၃ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ဒေသတွင်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တိုက်ခိုက်တာကို မစောင့်တော့ဘဲ ကိုယ့်ဘက်က လက်ဦးမှုယူပြီး တိုက်ခိုက်တိုက်တွေ ဆက်တိုက်ပြုလုပ်သွားမယ်လို့ ပုလဲနယ်ခံ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ 

ဇီးဖြူကုန်းပျူရွာ အခြေစိုက်စခန်းကို ဒေသတွင်း PDF ပူးပေါင်းအဖွဲ့တွေက အကြိမ်ကြိမ်တိုက်ခိုက်ပြီး စခန်းသိမ်းနိုင်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။ နောက်ဆုံးတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိအခိုက်များခဲ့သလို PDF တွေဘက်ကလည်း ၂ ယောက်ကျဆုံးပြီး ၁ယောက်ဒဏ်ရာရခဲ့ပါတယ်။

သခင်ဒေါင်းညိုက "၂ ရက်နေ့ကစပြီး စခန်းသိမ်းခဲ့ကြတယ်။ ပထမဆုံးရက်မှာပဲ ဝင်တိုက်တဲ့စစ်ကြောင်း ၁ မှာ ရဲဘော် ၃ ယောက်ကိုမိုင်းထိပြီးတော့ ၂ ယောက်ကျဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်။ စစ်ကြောင်း ၁ မှာ ကျဆုံးတဲ့အသံကြားတော့ စိတ်ဓာတ်ကျသွားတဲ့ပုံရိပ် တချို့တွေ တွေ့ရတယ်ဗျ။ တိုက်ပွဲစစ်မြေပြင်မှာ ကျနော် ပြန်ပြီးပျိုးထောင်ခဲ့ရတယ်ဗျ။ စခန်းသိမ်းတဲ့အချိန်မှာ ရာသီဥတုဆိုးရွားနေတာဖြစ်တဲ့အတွက် မိုးရွာကြီးထဲမှာ စခန်းသိမ်းခဲ့ရတယ်ဗျ။ အခက်အခဲကတော့ အများကြီးပဲ။ ကျသွားတဲ့အဓိကအကြောင်းရင်းက တိုက်ပွဲပန်းတာဗျ။ ကျနော်တို့က နယ်စည်းမခြားဘူး၊ လိုအပ်တဲ့နေရာကို သွားပြီးမှ ပါဝင်အားဖြည့်ပေးတယ်ဗျ။ စလင်းဆိုစလင်း၊ ယင်းမာပင်ဆိုယင်းမာပင် နယ်ပေါင်းစုံ စုံတယ်ဗျ။ ကလေးတွေက ပွဲရေများလာတော့ ခြေကုန်လက်ပန်းကျလာတဲ့အချိန် ဖြစ်သွားတာဗျ" လို့ ပြောပါတယ်။

မေ ၂၁ ရက်နေ့က စစ်ကိုင်းမြို့နယ် ဆားတောင်မြို့မရဲစခန်းကို PDF တွေက တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၁၂ ယောက်သေဆုံးခဲ့ပါတယ်။ ဇွန် ၉ ရက်နေ့မှာတော့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေဟာ လက်နက်ကိုင်ပြီး ဆားတောင်မြို့ပေါ်မှာ အချိန် ၂ နာရီကြာ လှည့်လည်တာတွေပြုလုပ်ခဲ့ပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်ဇီးရိုးက "ပထမတကြိမ်က ကျနော် ဒီဇင်ဘာလထဲမှာ မြင်းမူမြို့အလယ်ခေါင်အထိသွားခဲ့ပါတယ်။ ဆားတောင်မြို့ပေါ်ကိုဝင်တာ ဒုတိယအကြိမ်ပေါ့။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဟာ ဘယ်လိုလုပ်နိုင်လာပြီ။ ဘယ်လိုဆက်လုပ်မယ်ဆိုတာ ပြည်သူတွေကို မက်ဆေ့ပေးတဲ့သဘောပါ။ ကျနော်တို့တွေ ဆက်လက်ပြီးတိုက်ပွဲဝင်မယ်ဆိုတဲ့ ပြယုဂ်လေးတခုကို ပြည်သူတွေအားရှိအောင်၊ အားမငယ်အောင်ပြချင်လို့ မြို့ပေါ်ကိုတက်သွားခြင်းဖြစ်ပါတယ်။ ကျနော်ရောက်တယ်ဆိုတဲ့သတင်း ကြားလည်းကြားရော သူတို့ ကတုတ်ကျင်းတွေထဲ ဘန်ကာတွေထဲမှာ ဝင်နေတယ်။ ခွေးတကောင် ကြောင်တမြှီးမှ မမြင်ရတော့တဲ့ အနေအထားပေါ့နော်။ ကျနော် တော်တော်ကြာပါတယ်။ ၁ နာရီခွဲ ၂ နာရီလောက်အထိ ပတ်ကြည့်တာတွေ နုတ်ဆက်တာတွေလုပ်ခဲ့ပါတယ်။ ဈေးဝယ်တာတွေ လုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်အထိ သူတို့ဘက်က တုပ်တုပ်မလှုပ်ဘဲနဲ့ ပုန်းအောင်းနေတယ်ဆိုတဲ့သတင်း သိရပါတယ်။ ဆားတောင်မြို့ကို လုံးဝအပြီးသိမ်းနိုင်ဖို့အတွက် ကျနော်တို့ နယ်မြေကြည့်ခြင်းလည်းဖြစ်ပါတယ်" လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီက အရှိန်မလျှော့ဘဲ နယ်မြေထိန်းချုပ်ဖို့ ဆက်လက်ကြိုးစားနေသလို ဒေသတွင်း PDF ပူးပေါင်းအဖွဲ့တွေကလည်း ပြောက်ကျားစနစ်ကနေ ထိုးစစ်ကိုပြောင်းနိုင်ဖို့ အားထုတ်နေကြပါတယ်။ 

ချင်းဒေသတွင်း CDF တွေကလည်း မိုးတွင်းမှာ ချင်းတောင်ပေါ်ကို စစ်ကောင်စီတပ်သားတွေ တက်မလာနိုင်အောင် စစ်ကိုင်း၊ မကွေးနယ်စပ်အထိ ဆင်းပြီး နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ 

စစ်ကောင်စီဘက်ကတော့ တိုက်ပွဲတွေကြောင့် ထိခိုက်ကျဆုံးမှုအခြေအနေမှန်တွေကို သတင်းထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024