ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ်မှာ မေ ၁၄ ရက်က ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုံး မုန်တိုင်း ကြောင့် ပျက်ဆီးသွားတဲ့ ဆေးရုံတွေ ဆေးခန်းတွေကို ပြန်လည်မပြုပြင်ပေးသေးတာကြောင့် လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အခက်ခဲဖြစ်နေကြတယ်လို့ ဒေသခံတွေနဲ့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေ ဆီကနေ သိရပါတယ်။
“မိုခါမုန်တိုင်း ပြင်းပြင်းထန်ထန်တိုက်ခတ်ခဲ့လို့ ဆေးရုံခေါင်မိုးတွေ၊ ဝန်ထမ်းအိမ်ရာတွေ ထိခိုက်ပျက်စီးမှုများပြားခဲ့တယ်ဗျ။ မုန်တိုင်းတိုက်ခတ်ပြီးတာ တလ နီးပါးရှိနေပြီ ဒီနေ့အချိန်ထိ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ဘာမှလာမလုပ်ပေးကြလို့ ကျန်းမာရေးဝန်ထမ်းတွေအားလုံး ဒီအတိုင်းနေနေကြရတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ် ကျန်းမာရေးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေတာကြောင့် တိုက်နယ်ဆေးရုံတွေမှာ ကုသရေးပိုင်းအတွက် အခက်ခဲတွေဖြစ်နေပြီး ဓာတ်ဆီမီးစက်တွေကို အသုံးပြုနေရကာ စက်မောင်းဆီ စျေးနှုန်းတွေလည်း မြင့်တက်နေတာကြောင့် လျှပ်မီးအမြန်ဆုံးပြန်ရမှ ဖြစ်မယ်လို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့က ဆေးရုံတက်ခဲ့တဲ့ လူနာတယောက်က “ကျနော်ကတော့ ကျန်းမာရေးမကောင်းလို့ ဆေးရုံသွားတက်တာ။ မိုးတွေရွာလာတော့ ဆေးရုံမှာ နေစရာကို မရှိဘူး။ ခေါင်မိုးတွေလည်း ပွင့်ထွက်နေသလို ကျန်ခဲ့တဲ့ ခေါင်မိုးတွေအားလုံးကလည်း ဆန်ခါပေါက်တွေဖြစ်နေလို့ မိုးမလုံဘူး။ ဘာပဲဖြစ်ဖြစ် တာဝန်ရှိသူတွေအနေနဲ့ ကျန်းမာရေးဌာနတွေကိုတော့ ပြည်လည်တည်ဆောက်ရေး လုပ်ငန်းတွေ အမြန်ဆုံးလုပ်ဆောင်ပေးသင့်တယ်။ မကျန်းမာလို့ ဆေးရုံလာတက်တဲ့ လူနာတယောက်အနေနဲ့ ဆေးရုံထဲမှာ ထီးဆောင်းပြီးတက်ရတဲ့ ဘဝမျိုးဖြစ်နေတယ်။ သူတို့သာ ပြည်သူအပေါ်မှာ တကယ်စေတနာထားရင် ဒီအချိန်ကာလအတိုင်းတာဆိုရင် အားလုံးကို ပြုပြင်ပြီးသားဖြစ်နေလောက်ပြီ" လို့ ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ မြို့နယ်ပြည်သူ့ဆေးရုံ ၁ ခု၊ တိုက်နယ်ဆေးရုံ ၃ ခု၊ ကျေးလက် ကျန်းမာရေးဌာန ၇ ခုနဲ့ ကျန်းမာရေးဌာနခွဲ ၂၆ ခုရှိပြီး မိုခါမုန်တိုင်းပြင်းပြင်းထန်ထန်တိုက်ခတ်ခဲ့လို့ ဆေးရုံဆေးခန်းအားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်တွေ အမြန်ဆုံး လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။