စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာနဲ့ မဲတောကျေးရွာကြားမှ စစ်ကောင်စီရဲ့ ရိက္ခာပို့လာတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ PDF တပ်ဖွဲ့ထံကသိရပါတယ်။
ဇွန် ၈ ရက် မနက်ပိုင်းမှာ ရွှေဘိုမြို့ ပလိုင်းရွာရှိ စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို ရိက္ခာပို့ဖို့ ရွှေဘိုမြို့ထဲကနေ ထွက်လာတဲ့စစ်ကား ၂ စီးကို မိုင်းအရင်ဆွဲပြီးနောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ၁၅ မိနစ်လောက် အပြန်လှန်တိုက်ပွဲဖြစ်တာလို့ Myanmar Defense Force – Shwebo တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
"ရွှေဘိုက အထွက်ထိကားနဲ့ လာပြီးနောက် ခြေလျင်ဆင်းလျောက်တာပါဗျ။ အင်အား ၅၀ ဝန်းကျင်လောက်ပါပဲ။ ပစ်ကြခတ်ကြတဲ့အခါ မီတာ ၄၀၀ လောက်ပဲဖြစ်တာကြောင့် သူတို့ ဘက်ကလဲ သွားတာတွေမြင်ရတယ်။ အနည်းဆုံး ၈ ဦးတော့ သေဆုံးနိုင်ပါတယ်။ ဒီထက်ပိုပြီးလည်း သေနိုင်ပါတယ်။ တိုက်ပွဲဖြစ်အပြီးမှာ သူတို့ဘက်က ပြန်ဆုတ်တာကို ချီပါရွာအထွက်နား ကျနော်တို့ ဆီကနေ ၄၀ မမတွေနဲ့ ထပ်ပစ်ချိန်မှာ ကျေးရွာက ဆိုင်ခန်းတွေကို မီးရှို့သွားလို့ ဆိုင်ခန်း နှစ်ခန်း မီးထဲပါသွားတယ်။ မီးရှို့အပြီး သူတို့ ရွှေဘိုမြို့ထဲကို ပြန်ဆုတ်သွားပါတယ်။”
အဆိုပါတိုက်ခိုက်မှုကို Myanmar Defense Force - Shwebo၊ ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း ၄ ၊ တပ်ခွဲ ၂ ၊ လျှပ်စီးမုန်တိုင်း၊ အောင်ဇေယျ၊ Black Eagle၊ တိုက်နယ် ၅ ပကဖနဲ့တိုက်နယ် ၂ ပကဖ အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်မှာလည်း ဒေသအခြေစိုက် ခလရ ၁၂ က စစ်ကောင်စီတပ်ဖွဲ့ အင်အား ၆ဝ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Black Wolf Armyနဲ့ မဟာမိတ်တပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။
ဇွန်လ ၁ဝ ရက် မနက်ပိုင်း ၈ နာရီ၄၅ မိနစ်လောက်က ကျောက်မြောင်းမြို့နယ် ရွှေဘို-ကျောက်မြောင်းလမ်းအတိုင်း ခလရ ၁၂ ကနေ လမ်းလုံခြုံရေးအကြောင်းပြကာ စစ်ကြောင်းထွက်လာတယ်လို့သတင်းရလို့ စောင့်ဆိုင်းခဲ့ပြီးတိုက်ခိုက်နိုင်ခဲ့တာလို့ Black Wokf Army က တာဝန်ရှိသူတဦးက ပြောပါတယ်။
"မိုင်းဆွဲတာက ၂ လုံးပါ။ သတင်းကကြိုရလို့ ရွှေဘို-ကျောက်မြောင်းလမ်းပေါ် အုန်းပေါက်ရွာနား မှာ စောင့်ကြိုမိုင်းဆွဲခဲ့တာပါ။ စစ်ကြောင်းစထွက်မှ မိုင်းထောင်တာဖြစ်တဲ့အတွက် သေဆုံးတာက မျက်မြင်အတည်ပြုနိုင်လိုက်တာပါ။”
တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး နေရာတင်ပွဲချင်းပြီးသေဆုံးကာ ၃ ဦးဒဏ်ရာပြင်းထန်တဲ့အတွက် မန္တလေးဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်လိုက်တယ်လို့ တပ်တွင်းသတင်းအရ အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေကို Black Wolf Armyနဲ့ အတူ မဟာမိတ် Who Am I Army နဲ့ တိုက်နယ် ပကဖ ၄ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာတော့ ရေအေးကုန်းရွာကို ဇွန် ၉ ရက်က စစ်ကောင်စီတပ် စစ်ကြောင်းက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ကြပြီး ညအိပ်တပ်စွဲခဲ့တာကြောင့် ကျေးရွာ ၄ ရွာမှ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
စစ်ကြောင်းကနေ ပစ်ခတ်လို့ ကျေးရွာမှာ နွား ၇ကောင် သေဆုံးခဲ့ရသလို နေအိမ် ၄ လုံးနဲ့ စာသင်ကျောင်းဆောင်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားပါတယ်။
ဇွန် ၁ဝ ရက် မနက်မှာလည်း ဖိုလ်ကုန်းရွာကို စစ်ကောင်စီတပ်ကဝင်ရောက်ပြီး နွား၊ သိုး အကောင် ၇၀ ကျော် ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၁ ရက်ကနေ ဇွန် ၁၀ ရက်ထိ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာ ၅ ရွာ ရှိ နေအိမ် ၈၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားပြီး အသက် ၅၀ ကျော်အမျိုးသားတယောက် အကြမ်းဖက် မီးရှို့သတ်ဖြတ်ခံရကာ အသက် ၆၀ ကျော်အမျိးသမီးတယောက် စစ်ဘေးရှောင်ရင်း သေဆုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။