တရားဝင်တဲ့ အစိုးရဆိုတာ ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ထားရတာ ခိုင်မာတဲ့အကြောင်း ရှိလို့ပါ။ ကုန်လွန်ခဲ့သော ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က အထွေထွေရွေးကောက်ပွဲ ရလဒ်ဆိုတာ တရားဝင်အစိုးရ ဖြစ်ပေါ်လာဖို့အတွက် ကနဦး နိဒါန်း အချုပ်အခြာအာဏာ၏ မျက်နှာစာ ဖြစ်ပါတယ်။
အစိုးရသစ်ရဲ့ တပ်ဦးဖြစ်သလို အခြေခံ ခံတပ်လည်း ဖြစ်ပါတယ်။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို သုံးပိုင်းခွဲပြီး ကြည့်ရအောင်ပါ။ အစဉ်လိုက်ပြောရမယ်ဆိုရင်…
၁။ ဥပဒေပြုရေး အာဏာ
၂။ အုပ်ချုပ်ရေး အာဏာ
၃။ တရားစီရင်ရေး အာဏာ ဆိုပြီး တွေ့ရမှာ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ နှလုံးသားမှာ ပေးထားသော အာဏာ ၂ ရပ်လည်း ရှိပါသေးတယ်။ နောက်မှာ ဖော်ပြထားပါတယ်။ ဆက်ဖတ်ပါ။
ဒါကြောင့် အချုပ်အခြာအာဏာ၏ မူလအရင်းတည်ရာကတော့ ဥပဒေပြုရေးအာဏာကို ကျင့်သုံးပိုင်ခွင့်ရှိတဲ့ လွှတ်တော်ပါပဲ။
နောက်တဆင့်တက်ပြီး စဉ်းစားတွေးခေါ်ကြည့်ရအောင်ပါ။ ထို ဥပဒေပြုအမတ် လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်သူတွေက ရွေးချယ် တာဝန်ပေးအပ်တာပါလဲ။
ဒီမေးခွန်းက အင်မတန်အရေးကြီးတဲ့ မေးခွန်းပါ။
ဒီမိုကရေစီကို ချစ်ခင်မြတ်နိုးသူတိုင်းက သိထားရမည့် အရေးကြီးတဲ့ အချက်ပါ။
ဒီမိုကရေစီစနစ်မှာ လွှတ်တော်ကိုယ်စားလှယ်တယောက် ဖြစ်လာဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။
တချို့က ပါတီအင်စတီကျူးရှင်းမှာ ပြည်သူကနေပြီး ပါတီအဖွဲ့ဝင်အဖြစ် ညီလာခံမှာ ဝင်ပြိုင်ရပါတယ်။ ပြီးမှ ပါတီ၏ အလုပ်အမှုဆောင်အဖြစ် အရွေးချယ်ခံရပါသေးတယ်။ ပြီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံရပါသေးတယ်။ နောက်ဆုံးမှ အထွေထွေ ရွေးကောက်ပွဲမှာ အခြားပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ ဝင်ပြိုင်ရတာပါ။
နောက်ဆုံး အဆုံးအဖြတ်ကတော့ ပြည်သူလူထုပါပဲ။ ဒီလိုဆိုရင် အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်ဟာ ပြည်သူပဲဆိုတာ ငြင်းလို့မရတော့ပါဘူး။ ဆိုတော့ကား ပြည်သူက ကြည်ဖြူစွာ အပ်နှင်းခြင်းခံထားရပြီဆိုရင် ထိုရွေးကောက်ခံကိုယ်စားလှယ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ်ကလည်း ပြည်သူထဲက ပြည်သူတယောက်မို့ အများပြည်သူ့ဆန္ဒကို လေးစား လက်ခံပေးရတော့မှာပါ။
ဒါကြောင့် တရားဥပဒေနဲ့အညီ ကျင်းပခဲ့တဲ့ ပြည်သူအများစု ဆန္ဒအရ ရွေးကောက် တင်မြှောက်ခံထားရတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေကို အသိအမှတ်ပြုပေးဖို့ဟာ အင်မတန်အရေးကြီးတဲ့ ဖြစ်စဉ်တခု ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း ကမ္ဘာက ပြည်ထောင်စုအဆင့်က ရွေးကောက်ခံကိုယ်စားလှယ်တွေ စုပေါင်းပြီး ဖွဲ့ထားတဲ့ CRPH ကို အသိအမှတ်ပြု လက်ခံတာပေါ့။
ဒါကို ကျနော်တို့က ပန်းတိုင် ပျောက်မသွားအောင်၊ တရားဝင်မှု ပျက်ပြယ်မသွားအောင် ဆုပ်ကိုင်ထားရတာ ဖြစ်ပါတယ်။ ဒါမှသာ တရားဝင်တဲ့ အစိုးရအဖြစ် ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လမ်းမပေါ်က ဆန္ဒပြပွဲတွေမှာ လူငယ်တွေက ငါတို့မဲကို လေးစားပါလို့ ကြွေးကြော်ကြတာပေါ့။ ဒီနေရာမှာ အလျဉ်းသင့်လို့ ကျနော်တို့ လမ်းမပေါ်တက်ပြီး ဆန္ဒဖော်ထုတ်ခဲ့စဥ်က ကြွေးကြော်သံလေးတွေကို တချက် အလင်းပြချင်ပါတယ်။
“ကျနော်တို့က လူငယ်တွေပါ၊ လူငယ်တွေမှာ အနာဂတ်ရှိတယ်”
“ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး”
“မင်းတို့ပြောတော့ မဲခိုးတယ်ဆို ပြည်သူတွေကို ထွက်ကြည့်ပါဦး”
“ဘယ်ပါတီကို မဲပေးခဲ့လဲ NLD ကို မဲပေးခဲ့တယ်”
“ငါတို့သမ္မတ ဘယ်သူလဲဟေ့ ဦးဝင်းမြင့် ဦးဝင်းမြင့်”
“ဘာလိုချင်လဲ ဖက်ဒရယ် ဒီမိုကရေစီ”
“ဘာရချင်လဲ ဖက်ဒရယ် ဒီမိုကရေစီ”
အဲဒီကြွေးကြော်သံတွေကို အဆင့်မြှင့်ပြီး တွေးရင် ရှေ့မှာ ကျနော်ဆွေးနွေးခဲ့တာတွေက အထောက်အပံ့ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် လွှတ်တော် ခေါ်ယူနိုင်ရေးနဲ့ လည်ပတ်နိုင်ရေးသည်လည်း အရေးပါတဲ့ ဖြစ်စဉ်တခု ဖြစ်ပါတယ်။ အခုဆိုရင် နေပြည်တော် လွှတ်တော်ကြီးက စစ်အာဏာသိမ်းကောင်စီရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတဲ့အတွက် အဲဒီလွှတ်တော်ထဲမှာတော့ ခေါ်ယူလို့ မရဘူးပေါ့။
သူတို့ပြောတော့ လေလှိုင်းအစိုးရတဲ့
ဒါပေမဲ့ အခု CRPH က ရတဲ့နေရာမှာ ဖြစ်အောင်လုပ်နေပါတယ်။ မနာလိုတဲ့သူတွေ ပြော ပြောနေတဲ့ Online အစိုးရပေါ့ဗျာ။ ပြောကြစမ်းပါစေ။ အခုတော့ လေလှိုင်းအစိုးရကို သူတို့ ကြောက်နေရပါပြီ။ စစ်ခွေးနိဂုံး ၂၀၂၃ လို့တောင် ပြည်သူက ကြွေးကြော်ထားပြီ။ လွှတ်တော်ကိုယ်စားလှယ်တွေ အများစု၏ သဘောတူညီချက်ရရင် ဘယ်နေရာဖြစ်ဖြစ် ခေါ်လို့ရပါတယ်။ အခု အဲဒီလွှတ်တော်ကပဲ အစိုးရခေါင်းဆောင်တွေကို ခန့်လို့ရပါတယ်။ အစိုးရအဖွဲ့ တခုလုံးကို ခန့်လို့ရပါတယ်။ အခုဆိုရင် ပြည်ထောင်စုလွှတ်တော်၏ အစိုးရအဖွဲ့ ခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဒေါ်အောင်ဆန်းစုကြည်အား ခန့်အပ်တာဝန်ပေးအပ်ပြီး ဖြစ်ပါသည်။ သမ္မတကြီး အပါအဝင် ဝန်ကြီးတွေ အများအပြား ခန့်အပ်တာဝန်ပေးအပ်ပြီး ဖြစ်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို ချင်းတိုင်းရင်းသား၊ ခရစ်ယန်ဘာသာဝင် ဒေါက်တာ ဆာဆာကို ခန့်အပ် တာဝန်ပေးအပ်ပြီး ဖြစ်ပါသည်။ နိုင်ငံတကာဆက်ဆံရေး တာဝန်ခံအဖြစ် ဦးထင်လင်းအောင်ကို ခန့်အပ်တာဝန်ပေးအပ်ပြီး ဖြစ်ပါသည်။ ဒါတွေဟာ ပြည်ထောင်စုလွှတ်တော်က ကြားဖြတ်အစိုးရကို တရားဝင်မှုရအောင် လုပ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာကလည်း အသိအမှတ်ပြုမှုရအောင် လုပ်ခြင်းဖြစ်ပါတယ်။ အခုဆိုရင် အမေရိကန်ပြည်ထောင်စု လွှတ်တော်က NDAA ကနေ ဘားမားအက်စ် ဥပဒေကို အသိအမှတ်ပြု ပြဋ္ဌာန်းပေးခဲ့ပြီလည်း ဖြစ်ပါတယ်။
အဲဒါကြောင့် လွှတ်တော်တွေ ပုံမှန်ခေါ်ယူနိုင်ရေးဆိုတာ အင်မတန် အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေး ဖြစ်စဉ်တခု ဖြစ်ပါတယ်။
ဒီနေရာမှာ အရေးတကြီး ရှင်းပြလိုတာက အချုပ်အခြာအာဏာရဲ့ အခန်းကဏ္ဍပါ။ အချုပ်အခြာအာဏာကို ချဥ်းကပ်တဲ့အခါ နှစ်ပိုင်းရှိပါတယ်။ ပြည်တွင်း အသိအမှတ်ပြုမှု အချုပ်အခြာအာဏာနဲ့ ပြည်ပအသိအမှတ်ပြုမှု အချုပ်အခြာအာဏာဆိုပြီး နှစ်ပိုင်းရှိပါတယ်။
ဒီနေရာမှာ NUG အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်တွင်းအသိအမှတ်ပြုမှု အချုပ်အခြာအာဏာ ရှိပါတယ်လို့ ပြသနိုင်ဖို့ လိုအပ်သလို ပြည်ပအသိအမှတ်ပြုမှု အချုပ်အခြာအာဏာ ရှိပါတယ်လို့ ပြသနိုင်ဖို့လည်း လိုအပ်ပါတယ်။ အချုပ်အခြာအာဏာ နှစ်ပိုင်းလုံးကို ကိုယ်စားပြုမှုအတွက် အားကောင်းခိုင်မာတဲ့ တောင်းဆိုချက်ဆိုတာ မြန်မာနိုင်ငံသားတယောက်အနေနဲ့ ကောင်းစွာ နားလည်သဘောပေါက်ဖို့ လိုပါတယ်။
အထက်ပါ တောင်းဆိုချက်တွေက ကျနော်တို့ရဲ့ ယခုချက်ချင်း လက်ငင်း မျှော်လင့်ချက်နဲ့ ယုံကြည်ချက်တွေ ဖြစ်ပါတယ်။
အခု တနိုင်ငံလုံး ဆန္ဒပြမှုတွေရဲ့ အရင်းအမြစ်ကလည်း ဒါပါပဲ။ ဒါပါပဲ ဆိုတော့ ဒီလောက်တော့ မရိုးရှင်းနေပြန်ပါဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ မျှော်လင့်ချက်ရဲ့ ရှေ့မှာ နာမဝိသေသန အထူးတလည် ထည့်ထားခဲ့တာပါ။ အခုချက်ချင်း မျှော်လင့်ချက်ရဲ့ နောက်ထပ် တဆင့်မြင့်တဲ့ မျှော်လင့်ချက် ရှိပါသေးတယ်။ အဲဒါက မြန်မာတိုင်းရင်းသား သွေးချင်း ပြည်သူလူထု တရပ်လုံးက လိုလားနှစ်သက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုခရီးကို ချီတက်ကြဖို့ပါပဲ။
ဖက်ဒရယ် ဒီမိုကရေစီလား၊ ဒီမိုကရေစီ ဖက်ဒရယ်လား
အဲဒီမှာ အချို့က သိပ်ပြီ မရှင်းကြသေးဘူး ဖြစ်နေပြန်တယ်။ ဖက်ဒရယ် ဒီမိုကရေစီနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ကို နားလည်မှု လွဲနေကြသေးတယ်။ ဒါကလည်း သဘာဝကျပါတယ်။ ဗမာမဟုတ်တဲ့ တိုင်းရင်းသား လူနည်းစုတွေက စစ်ခေါင်းဆောင်တွေရဲ့ အလိမ်အညာကို ခဏ ခဏ ခံခဲ့ရတော့။ သူတို့က စစ်ခေါင်းဆောင်တွေပြောတဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီတို့ မြန်မာ့နည်း မြန်မာ့ဟန် ဖက်ဒရယ်တို့ကို ကြောက်နေကြပြီ။ မယုံကြည်ချင်ကြတော့ဘူး။ ဒါကြောင့် သူတို့က ဖက်ဒရယ် အရင်သေချာချင်လို့ ဖက်ဒရယ် ဒီမိုကရေစီလို့ သုံးပြီး အသံထုတ်ကြတာပါ။ ဒါကို ကျနော်တို့ နားလည်ကြဖို့လိုပါတယ်။
“ကျနော်တို့ ဗမာတိုင်းရင်းသား နင်းပြား ကျောမွဲ လူတန်းစားတွေ၊ တောရွာက အောက်ခြေလူတန်းစား အညတရတွေကလည်း ဖက်ဒရယ်ဒီမိုကရေစီကို ပိုကြိုက်ပါတယ်လို့ ဒီစာထဲကနေ သံချောင်းခေါက်လိုက်ချင်ပါတယ်ဗျား”
ဒီလိုဆိုတော့လည်း ကျနော်တို့ တောရွာကလူတွေက အခုလို အဆင့်မြင့်ပြီး ချဉ်းကပ်ကြည့်ရအောင်ပါ။
ဖက်ဒရယ်အစိုးရဆိုတာ ဘယ်လိုအစိုးရမျိုးကို ခေါ်တာလဲ။ ဖက်ဒရယ်နိုင်ငံဆိုတာကကော ဘယ်လိုနိုင်ငံမျိုးကို ခေါ်တာလဲ။
အဲဒီမေးခွန်းကို အရင်ဖြေကြည့်ကြရမှာပေါ့။ ဟုတ်ပြီ။ ပထမမေးခွန်းကို ဖြေကြည့်ရအောင်။ ဖက်ဒရယ်အစိုးရလို့ ပြောလို့ရဖို့ဆိုရင် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရှိတဲ့ အစိုးရမျိုးကို ခေါ်တာပါပဲ။ တနည်းအားဖြင့် ဖက်ဒရယ်ဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့်နဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ပါပဲ။
ကိုယ့်ပြည်ထောင်၊ ကိုယ့်ပြည်နယ်ရဲ့ ကံကြမ္မာကို ကိုယ့်ပြည်နယ်သားတွေ ကိုယ်တိုင် ဖန်တီးပုံဖော် ထုဆစ်နိုင်တာမျိုးလို့ ပြောလို့ရပါတယ်။ အဲဒီ ဖက်ဒရယ် ပြည်နယ်အစိုးရကို ဘယ်လိုရွေးချယ် တာဝန်ပေးအပ်သလဲလို့ မေးရင် ဘယ်လို ဖြေမလဲ။
အဲဒီမေးခွန်းက အသက်ဗျ။ ဖက်ဒရယ်မရှိဘဲ ဒီမိုကရေစီသွားလို့ရပေမဲ့ ဒီမိုကရေစီမရှိဘဲ ဖက်ဒရယ်ကို သွားလို့ကို မရဘူးဆိုတာ သီအိုရီနဲ့ လက်တွေ့ နှစ်ရပ်လုံးက ငြင်းချက်ထုတ်မရတဲ့ အရှိတရားဗျ။ ဆက်သွားကြရအောင်ပါ။
အစိုးရရဲ့ အာဏာကို အပိုင်း ၃ ပိုင်း ထပ်ခွဲရမှာ ဖြစ်ပါတယ်။
၁။ ဥပဒေပြုရေး အာဏာ
၂။ အုပ်ချုပ်ရေး အာဏာ
၃။ တရားစီရင်ရေး အာဏာ
အထက်ပါ အာဏာတွေက တစုံတယောက်က ပေးလို့ ဟတ်ချလောင်းဆိုပြီး ရတာမဟုတ်ဘူး။ ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်ပွဲတွေ ကျင်းပပြီး ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးချယ်ရတယ်ဆိုတာကို နားလည်စေချင်ပါတယ်။ ဒါကြောင့်မို့ အခြေခံ ဒီမိုကရေစီ အုတ်မြစ်မှ မရှိရင် အထပ်မြင့်ဖြစ်တဲ့ ဖက်ဒရယ် အဆောက်အဦက တည်လို့ကို မဖြစ်ဖူးဆိုတာ ကျနော် ရဲရဲကြီး အာမခံပြီး ပြောရဲပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဗမာတိုင်းရင်းသား လူငယ် နိုင်ငံပြုသမားတွေကလည်း ဖက်ဒရယ်ဒီမိုကရေစီကို ငယ်ချစ်ဦးကဲ့သို့ ရင်ခုန် စိတ်လှုပ်ရှားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ တောသူတောင်သား ကျောမွဲလူတန်းစားထဲက တယောက်မို့ပါ။ ကျနော်တို့ ဆင်းရဲသားပြည်သူလူထုတွေရဲ့ ဘဝက ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ကို ဘယ်တုန်းကမှ အပြည့်အဝ မရခဲ့ကြဘူး။ အီလိခေါ် နိုင်ငံရေး ရေပေါ်ဆီ လူတန်းစားတွေရဲ့ အနိုင်ကျင့် ဗိုလ်ကျ ခြယ်လှယ်မှုကိုသာ ခံခဲ့ကြရလို့ပါပဲ။
မဏ္ဏိုင် ၅ ခု ဆိုတာ
ဒုတိယမေးခွန်း ဆက်ဖြေကြည့်ရအောင်ပါ။ ဖက်ဒရယ်နိုင်ငံတော်ဆိုတာ ဘာလဲဆိုတော့ နိုင်ငံတနိုင်ငံမှာ အစိုးရ ၂ ရပ်ရှိတယ်။ အဲဒီ အစိုးရ ၂ ရပ်က ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ ဖြစ်တယ်။ ဘယ်အစိုးရဖြစ်ဖြစ် အချုပ်အခြာအာဏာကို အပိုင်း သုံးပိုင်းဖြင့် သီးခြားစီ ခွဲထားတယ်။ အဲဒါကို မဏ္ဍိုင်သုံးခုလို့ ခေါ်တယ်။ ၁။ ဥပဒေပြုရေး မဏ္ဍိုင်၊ ၂။ အုပ်ချုပ်ရေး မဏ္ဍိုင်၊ ၃။ တရားစီရင်ရေး မဏ္ဍိုင် စသဖြင့် အတိအကျ ပိုင်းခြားထားတာ တွေ့ရပါမယ်။ ပြည်သူ့နှလုံးသားက နေရာပေးထားတဲ့ မဏ္ဍိုင် ၂ ရပ်လည်း ရှိပါတယ်။ မီဒီယာမဏ္ဍိုင်နဲ့ ပြည်သူ့မဏ္ဍိုင်တွေပါပဲ။ အဲဒါကိုလည်း ဒီမိုကရေစီ နည်းလမ်းတကျနဲ့ ရွေးကောက် တင်မြှောက်ရတာပဲ။ ဒါကြောင့် ဒီမိုကရေစီဟာ ဖက်ဒရယ်ကို သွားလို့ရဖို့အတွက် တံခါးပေါက်လို့လည်း ပြောလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီ ဖက်ဒရယ်လို့ပဲ ပြောပြော၊ ဖက်ဒရယ် ဒီမိုကရေစီလို့ပဲ ပြောပြော၊ ပြောနိုင်ပါတယ်။
ဘယ်အပေါ်မှာ အခြေခံပြီး ပြောရမှာလဲဆိုတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အာမခံချက် ပေးနိုင်တဲ့ တိုင်းရင်းသားပြည်သူလူထု တရပ်လုံး၏ သဘောဆန္ဒနဲ့အညီ ရေးထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပေါ်မှာ အခြေခံပြီး ပြောနိုင်ဖို့လိုပါတယ်။ ဒါမှသာ တိုင်းရင်းသားတွေ လိုလားတောင့်တနေသော သာတူညီမျှ အခွင့်အရေးက ရမှာပါ။ တန်းတူညီမျှနဲ့ သာတူညီမျှ ဆိုတာကလည်း ရှိပါသေးတယ်။ အဲဒါက သီးသန့်ထပ်ရှင်းရဦးမယ့် စိတ်ဝင်စားစရာ ကိစ္စတခုပါပဲ။
အဆုံးသတ်ရမည့် ပန်းချီကားတချပ်
နိဂုံးချုပ် ဆွေးနွေးရရင် အဆုံးသတ်ရမည့် မြန်မာ့နွေဦးတော်လှန်ရေး ပန်းချီကားက ကမ္ဘာ့နံရံအပေါ်မှာ ချိတ်ဆွဲနိုင်မှာပါ။ ခူးဆွတ်နိုင်တော့မည့် ငြိမ်းချမ်းရေး ဖက်ဒရယ်ပန်းတပွင့်ကို မိခင်မြန်မာပြည်ကို ပန်ဆင်ပေးနိုင်တော့မှာပါ။
ကမ္ဘာပေါ်မှာ စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။ ကမ္ဘာ့လူသားများ အသိဉာဏ်ပညာနဲ့ ကိုယ်ကျင့်တရားဘက်က အမြဲရပ်တည်နိုင်ရမည်။ ချစ်ခြင်းမေတ္တာ အစ စကားသစ္စာ တည်သောခါဝယ် ဩဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဘက်ဝင်ကြပါစေသတည်း...။
အရေးတော်ပုံ မုချ အောင်မြင်ရမည်။
ချစ်မင်းနွဲ့ကြည် - (သူ့အတွေး သူ့အမြင် – Op-Ed)