ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟက်ကာရွာရှိ လူနေအိမ်ပေါ်ကို ဇွန် ၁၀ ရက် မနက်အစောပိုင်းက အုတ်တံတိုင်းပြိုကျခဲ့တာကြောင့် လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ကမ်းလင့်လက်များအသင်းက ပြောပါတယ်။
မနက်အစောပိုင်း ၁ နာရီကျော်က လားရှိုးမှာ မိုးသည်းထန်စွာ ရွာနေခဲ့တာကြောင့် ဟက်ကာကျေးရွာရှိ နေအိမ်ခြံဝန်းတခုရဲ့ နံရံအုတ်တံတိုင်းက ပြိုကျခဲ့တာပါ။
ကမ်းလင့်လက်များအသင်းဥက္ကဋ္ဌက "တံတိုင်းနဲ့ အိမ်က ကပ်နေတာ၊ အိမ်က ထရံကာအိမ်ဖြစ်တဲ့အတွက် ပြိုကျတဲ့အချိန်မှာ အိပ်နေတဲ့ သားအမိတွေ အဲ့ဒီမှာပဲ ဆုံးသွားတာ။ သူတို့ရဲ့ အုတ်နံရံ ခြံစည်းရိုးက အုတ်ဖြစ်ပြီးတော့ အိမ်က ထရံကာဖြစ်နေတာ၊ မိုးက ညတုန်းက တအားရွာနေချိန်မှာပါ၊ အမျိုးသမီးကတော့ အသက် ၃၀ ဝန်းကျင်လောက် ရှိတယ်၊ ကလေးတွေက ၁၀ နှစ်နဲ့ ၁၀ အောက်တွေပါ" လို့ ပြောပါတယ်။
မနက် ၁ နာရီခွဲလောက် လားရှိုးမီးသတ်တပ်ဖွဲ့နဲ့ အရပ်ဖက် ကယ်ဆယ်ရေးအဖွဲ့ ၆ ဖွဲ့က သွားရောက်ရှာဖွေကယ်ဆယ်ခဲ့ကြပေမဲ့ ထိခိုက်မိသူတွေက သေဆုံးနေပြီလို့ သိရပါတယ်။
အုတ်နံရံပြိုကျမှုကြောင့် နံရံနဲ့ကပ်လျက်ရှိ လူနေအိမ်ခန်းအတွင်း အိပ်ပျော်နေတဲ့ ကလေးမိခင် အမျိုးသမီး ၁ ဦးနဲ့ ၁၀ နှစ်ဝန်းကျင် ယောကျ်ား ၃ ဦး နံရံပိသေဆုံးခဲ့ပါတယ်။
သေဆုံးသူ ရုပ်အလောင်းတွေကို လားရှိုးမြို့နယ်ပြည်သူ့ဆေးရုံကြီးရဲ့ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။