Home
မြန်မာသတင်း
စစ်ကိုင်းစစ်ဘေးရှောင်များကို CDM ကျန်းမာရေးဝန်ထမ်းများနှင့် MRG ရဲဘော်များက ကျန်းမာရေး စောင့်ရှောက်ပေ
DVB
·
June 10, 2023
352964688_1339272646933005_1460268472692531329_n

စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကျန်းမာရေးဆေးပေးခန်း လုံလောက်မှုမရှိတဲ့ ကျေးရွာတွေကို CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ တော်လှန်ရေးရဲဘော်တွေက မိုဘိုင်းဆေးပေးခန်းဖွင့်ပြီး လှည့်လည် ဆေးကုသပေးခဲ့ရာ ကျေးရွာ ၅ ရွာက ဒေသခံပြည်သူ ၃၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့တယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ (MRG) ဆီက သိရပါတယ်။

ဆေးကုသမှုကို စခန်းပြောင်းရွှေ့တာတွေကြောင့် ခေတ္တရပ်နားခဲ့ရာက မတ်လကစတင်ပြီး ပြန်လည်လုပ်ဆောင်ခဲ့ရာ စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကျန်းမာရေး ဆေးပေးခန်း လုံလောက်မှုမရှိတဲ့ ကျေးရွာ ၅ ရွာ၊ ဒေသခံပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့တာပါ။

ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့လိုအပ်နေတဲ့ ဒေသခံတွေကို CDM ဆရာဝန်တဦး၊ CDM သားဖွားသူနာပြုတဦး၊ သူနာပြုအကူတဦးတို့က ဦးဆောင်ပြီး ရဲဘော်တချိုနဲ့ မိုဘိုင်း ဆေးပေးခန်းကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဆေးခန်းကိုတော့ တလကို လူနာ ၁၀၀ နီးပါး လာရောက်ဆေးကုသတယ်လို့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ပေါင်မုန့်က ဒီဗွီဘီကို ပြောပါတယ်။

“အခမဲ့ ဆေးပေးခန်းမှာတော့ တလကို ပြည်သူ ၁၀၀ ဝန်းကျင်လောက် လာကြတယ်။ မိုဘိုင်း ဆေးပေးခန်းမှာတော့ ရာသီဥတုအခြေနေနဲ့ ရွာအပေါ်မူတည်ပြီး တိတိကျကျမရှိပါဘူး။”

ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာ ဆေးဝါးလုံလောက်မှုမရှိတာ၊ ရာသီဥတုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဆေးမှာယူရာမှာ ခက်ခဲလာတဲ့အတွက် လက်ကျန်ဆေးဝါးတွေ၊ အနီးအနား အလွယ်တကူ ဝယ်ယူလို့ရတဲ့ ဆေးဝါးတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေရတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

လတ်တလောမှာလည်း ဆေးဝါးလိုအပ်ချက်တွေရှိနေပြီး ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီပေးဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013