Home
မြန်မာသတင်း
ဆေးဘက်ဆိုင်ရာ စစ်မှုထမ်းဆောင်ရန် CDM ဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်းများ NUG ခေါ်ယူ
DVB
·
June 1, 2023
CDM-Nurses-Yangon-Hospital-5

မြန်မာ့နွေဦးတော်လှန်ရေးမှာ ဆေးဘက်ဆိုင်ရာ စစ်မှုထမ်းဆောင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက CDM ဆရာဝန်၊ သူနာပြုတွေ အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ ခေါ်ယူနေပါတယ်။

NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်အနေနဲ့ ပြည်သူ့ရဲဘော်တွေ၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ အင်တိုက်အားတိုက် ဆောင်ရွက်ပေးနေတာကြောင့် ကျန်းမာရေးဝန်ထမ်းအင်အား တိုးမြှင့်ဖို့ လိုအပ်နေတယ်လို့  မေ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာဖော်ပြပါတယ်။

ဒါကြောင့်မို့ နိုင်ငံတဝန်းက ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ မိမိတို့ သင်ယူတတ်မြောက်ထားတဲ့ ပညာရပ်တွေအလိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းတွေမှာ ဆေးဘက်ဆိုင်ရာ စစ်မှုထမ်း ဆောင်ဖို့အတွက် လျှောက်ထား နိုင်တယ်လို့ ဖိတ်ခေါ်ထားတာပါ။

သွားနှင့်ခံတွင်း အထူးကု ဆရာဝန်တွေအပါအဝင် အထူးကုဆရာဝန်/ အထူးကုဘွဲ့လွန် သင်တန်းသားတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာ၊ ဘွဲ့ရရှိသူတွေ၊ တိုင်းရင်းဆေးပညာရှင်တွေ၊  အခြေခံကျန်းမာရေးဝန်ထမ်းတွေ လျှောက် ထားနိုင်မှာဖြစ်ပြီး လျှောက်ထားသူတွေအနေနဲ့ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမှာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ခဲ့ပါက CDM ပြုလုပ်ထားသူ၊ ဒါမှမဟုတ် NUG အစိုးရရဲ့ လျှို့ဝှက်တာဝန် ပေးချက်အရ စစ်ကောင်စီဆီမှာ တာဝန်ထမ်းဆောင်နေသူတွေ ဖြစ်ရမယ်လို့ ဆိုပါတယ်။

တကယ်လို့ နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်မှုမရှိသူ ဖြစ်ရမှာဖြစ်ပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက် ဆေးရုံ/ ဆေးခန်း/ တပ်ရင်း/ တပ်ဖွဲ့/ စစ်ကြောင်းတွေ၊ တာဝန်ချထားမယ့် နေရာ ဒေသတွေမှာ သွားရောက် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဖော်ပြပါတယ်။

လျှောက်ထားသူ ပညာအရည်အချင်း၊ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုနဲ့ တော်လှန်ရေးရဲ့ လိုအပ်မှုတို့အပေါ် မူတည်ပြီးတော့ သင့်လျော်တဲ့ တာဝန်တွေ ခန့်အပ်သွားမှာဖြစ်ကာ အဆိုပါ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေး၊ စားဝတ်နေရေးတို့အတွက် ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ မြေပြင် တပ်ရင်း/ တပ်ဖွဲ့တွေက တာဝန်ယူဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ ရာထူးနေရာတွေအလိုက် အခုဇွန်လကုန်အထိ နေ့စဉ် မနက် ၁၀ နာရီကနေ ည ၈ နာရီအထိ  Telegram Username - @MedicalServicePDF နဲ့ Email- medicalservice@mod.nugmyanmar.org တွေကို ဆက်သွယ်ပြီး လျှောက်လွှာပုံစံတွေ ထုတ်ယူ ပေးပို့လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013