Home
မြန်မာသတင်း
CDM မူဝါဒအမြန်အတည်ပြုပေးရန် ကျန်းမာရေးအင်အားစု ၈ ဖွဲ့ တောင်းဆို၊ စစ်အုပ်စုအလိုတော်ရိ Non-CDM များကို သတိပေး
DVB
·
January 9, 2023
Screenshot 2023-01-09 182330

မြန်မာ့နွေဦးတော်လှန်ရေးကို ဦးဆောင်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံ့ဝန်ထမ်း စီဒီအမ်မူဝါဒ (CDM Policy) ကို နှောင့်နှေးခြင်းမရှိဘဲ အမြန်ဆုံး ဆုံးဖြတ်အတည်ပြုပေးကြဖို့ ပြည်သူ့ကျန်းမာရေးအင်အားစု ၈ ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက CDM ကျန်းမာရေးဝန်ထမ်းတွေကို ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာနဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေအပေါ် စစ်အုပ်စုအလိုကျ ဖိနှိပ်နေတဲ့ Non-CDM တွေနဲ့ပတ်သက်ပြီး ထုတ်ပြန်လိုက်တာပါ။

ဒီထုတ်ပြန်ချက်ကိုတော့ ပြည်သူ့ကျန်းမာရေးအင်အားစုတွေဖြစ်တဲ့ ကျန်းမာရေးမိသားစု-မန္တလေး၊ CDM ဆေးပညာကွန်ရက်၊ ရန်ကုန်ဆေးပညာကွန်ရက်၊ ချင်းတွင်းဆေးပညာကွန်ရက်၊ ကရင်နီ သားဖွားဆရာမများရပ်ဝန်း၊ ကရင်နီသူနာပြုအစည်းအရုံး၊ ကရင်နီဆရာဝန်များရပ်ဝန်း၊ CDM ကွန်ရက် (ချင်းပြည်နယ်) စတဲ့ အဖွဲ့ ၈ ဖွဲ့က ဇန်နဝါရီ ၈ ရက်မှာ ပူးပေါင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး CDM ဝန်ထမ်းတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ အပါအဝင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိရောက်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးဖို့ ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။

ငြိမ်းချမ်းစွာ အာဏာဖီဆန်ခဲ့ကြတဲ့ CDM ကျန်းမာရေးဝန်ထမ်း သူရဲကောင်းတွေကို အကြမ်းဖက်စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာဟာ အခုထိတိုင်ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဒေါက်တိုင် Non-CDM ကျန်းမာရေးဝန်ထမ်းတွေကလည်း စစ်ကောင်စီအလိုကျ၊ စစ်ကောင်စီနဲ့ အလိုတူအလိုပါ CDM ကျန်းမာရေးဝန်ထမ်းတွေအပေါ် ဖိနှိပ်နေတာက သက်သေသာဓကတွေနဲ့တကွ အထင်အရှားဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ခဲ့မှု အဆင့်အလိုက် Non-CDM ဝန်ထမ်းတွေကို ပြည်သူ့တရားစီရင်ရေး ဥပဒေတွေနဲ့အညီ ပြစ်မှုပြစ်ဒဏ်တွေ ချမှတ်သွားမှာ ဖြစ်တဲ့အတွက် Non-CDM တွေအနေနဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေအပေါ် အကြမ်းဖက်စစ်အုပ်စုအလိုကျ သတင်းပေးတိုင်ကြားမှုတွေနဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ကြဖို့အတွက် ပြင်းထန်စွာ သတိပေးလိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ လက်တွဲပြီး နွေဦးတော်လှန်ရေး အောင်မြင်စေဖို့အတွက် အသက်ခန္ဓာ၊ အိုးအိမ်၊ စည်းစိမ်တို့ကို စတေးပြီးတော့ အစွမ်းကုန်၊ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့လည်း ကတိသစ္စာပြုထားပါတယ်။

အခုလို အကြိမ်ကြိမ် ထုတ်ပြန်သတိပေးထားတဲ့ကြားကနေ CDM ကျန်းမာရေးဝန်ထမ်းတွေ အပေါ် အကြမ်းဖက်စစ်အုပ်စုအလိုကျ ဆက်လက်ဖိနှိပ်နေမယ်ဆိုရင် အဲဒီလိုပြုမူနေတဲ့ အလိုတော်ရိ အကြမ်းဖက်စစ်အုပ်စုထောက်တိုင် Non-CDM ဝန်ထမ်းတွေကို လက်ပိုက်ကြည့်နေတော့မှာ မဟုတ်ဘဲ အပြင်းထန်ဆုံး တုံ့ပြန်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေး ၂ နှစ်နီးပါး ကြာမြင့်လာတဲ့တိုင်အောင် အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်တော်လှန်တဲ့ ပြည်သူတွေနဲ့အတူ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းတွေကိုပါ ဖိနှိပ်ဖမ်းဆီး သတ်ဖြတ်မှုတွေ ကျူးလွန်နေသလို စစ်ကောင်စီသတင်းပေး ဒလန်တွေ၊ ပျူစောထီးတွေနဲ့ စစ်အုပ်စုအလိုတော်ရိ Non-CDM တွေရဲ့ သတင်းပေး တိုင်ကြား ဖိနှိပ်တိုက်ခိုက်မှုတွေကိုပါ ခံစားနေကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013