စစ်အာဏာရှင် ဒေါက်တိုင် Non-CDM ဝန်ထမ်းတွေကို ငွေဒဏ်၊ ကြိမ်ဒဏ်၊ ထောင်ဒဏ်နဲ့ နယ်နှင်ဒဏ် ပေးတာတွေပါဝင်တဲ့ ချင်းပြည်နယ် CDM မူဝါဒကို နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ချင်းပြည်ရဲ့ မြို့နယ်အသီးသီးက ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေ၊ မြို့နယ်အခြေပြု CDM ထောက်ပံ့မှုဆိုင်ရာကော်မတီတွေက ကိုယ်စားလှယ်တွေ ပါဝင်ပြီး ၁ နှစ်နီးပါး အချိန်ယူ ရေးဆွဲပြုစုထားတဲ့ ဒီ မူဝါဒကို ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ အစည်းအဝေးကနေ နိုဝင်ဘာ ၂၂ ရက်မှာ အတည်ပြုလိုက်တာလို့ ဆိုပါတယ်။
CDM ဝန်ထမ်းဆိုတာ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်း၊ စစ်သားနဲ့ ရဲတို့ကို ဆိုလိုပြီး စစ်ကောင်စီနဲ့ မပူးပေါင်း မဆောင်ရွက်ခဲ့တဲ့ ပြည်သူတွေ၊ ကျောင်းသားကျောင်သူတွေနဲ့ ပုဂ္ဂလိက ဝန်ထမ်းတွေကိုလည်း CDM မှာ ပါဝင်သူတွေလို့ သတ်မှတ်ထားပါတယ်။CDM ဝန်ထမ်းတွေရဲ့ စာရင်းကို ပြုစုထားဖို့နဲ့ သူတို့အပေါ် စစ်ကောင်စီက ကျူးလွန်ခဲ့တာတွေကိုလည်း မှတ်တမ်းတင်ထားဖို့၊ CDM တွေကို ကူညီဖို့ ကော်မတီ ဒါမှမဟုတ် အဖွဲ့တွေ၊ ဌာနတွေထားရှိဖို့အပြင် ဂုဏ်ပြုချီးမြှင့်ဖို့၊ အမှန်တရားနဲ့ တရားမျှတမှု ရှာဖွေတာ၊ နစ်နာတာတွေကို ပြန်လည်ကုစားပေးတာတွေ လုပ်ဖို့ ပြဋ္ဌာန်းထားပါတယ်။
သူတို့ရဲ့ မူလ ရာထူးနဲ့နေရာတွေပြန်ပေးဖို့အပြင် ဘွဲ့ဂုဏ်ထူးတွေချီးမြှင့်ဖို့ စတာတွေလည်း သတ်မှတ်ထားပြီး ပြန်လည်ကုစားပေးဖို့နည်းလမ်းတွေထဲမှာလည်း CDM အလံသတ်မှတ်ပြီး ရုံးဌာနတွေမှာ လွှင့်ထူတာ၊ ဒေသအမည်၊ လမ်အမည်အဖြစ် ဂုဏ်ပြုမှည့်ခေါ်တာ၊ အများပြည်သူဆိုင်ရာ အားလပ်ရက် သတ်မှတ်ပေးတာ၊ ပြတိုက် ဒါမှမဟုတ် ရုပ်တု တည်ဆောက်ပေးတာ၊ သမိုင်းသင်ရိုးညွှန်းတမ်းတွေမှာ ထည့်သွင်းတာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ CDM နဲ့ ပတ်သက်ပြီး ကတိကဝတ် ထည့်သွင်းပေးဖို့ သတ်မှတ်ထားပါတယ်။
Non-CDM ဝန်ထမ်းတွေကိုတော့ သူတို့ တယောက်ချင်းအလိုက် ပြုမူဆောင်ရွက်တွေမူတည်ပြီး ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်နဲ့ ပြစ်မှုဆိုင်ရာ အရေးယူအပြစ်ပေးတာတွေ လုပ်ရမယ်လို့ ဆိုပါတယ်။
ဒုတိယညွှန်ကြားရေးမှူးနဲ့ အထက် Non-CDM ဝန်ထမ်းတွေကို အမည်ပျက်စာရင်း သွင်းပြီး ဝန်ထမ်းအဖြစ်က ထုတ်ပစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ နိုင်ငံ့ဝန်ထမ်းဥပဒေအရဆိုရင် ဝန်ထမ်းအဖြစ်က ထုတ်ပစ်ခံရသူဟာ ဝန်ထမ်းပြန်လုပ်လို့ မရတော့ပါဘူး။
သူတို့အောက်အဆင့် ဝန်ထမ်းတွေကိုတော့ အမည်ပျက်စာရင်းသွင်းတာနဲ့ ဝန်ထမ်း အဖြစ်က ထုတ်ပယ်မှာ ဖြစ်ပြီး အယူခံနဲ့ အလုပ်ပြန်ဝင်မယ်ဆိုရင်တော့ လုပ်သက်တွေ ပယ်ဖျက်ပြီး ပြန်လည်အလုပ်လျှောက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
Non-CDM ဝန်ထမ်းဖြစ်တဲ့အပြင် CDM ဝန်ထမ်းတွေကို အလုပ်ကထုတ်တာ၊ ခြိမ်းခြောက်ဖိနှိပ်တာ၊ ပြည်သူတွေကို တရားစွဲဆိုတာ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြေညာချက်တွေကို မလိုက်နာတာ၊ စစ်အုပ်စုကို ထောက်ခံပူးပေါင်းတာ၊ ယန္တရားလည်ပတ်စေတာ စတာတွေကို ကျူးလွန်ရင်တော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအရ ထိထိရောက်ရောက် အရေးယူရမယ်လို့ ဆိုပါတယ်။
သူတို့တွေရဲ့ ပြစ်မှု ပြစ်ဒဏ်အလိုက် မြို့နယ် ဒေသအလိုက် တာဝန်ပေးခံရတဲ့အဖွဲ့က ငွေဒဏ်၊ ကြိမ်ဒဏ်၊ ထောင်ဒဏ်နဲ့ နယ်နှင်ဒဏ်တို့အပြင် ဒီပြစ်ဒဏ်တွေထက် မပြင်းတဲ့ ပြစ်ဒဏ်တွေကို ပေးနိုင်တယ်လို့ ဆိုပါတယ်။
ဒီမူဝါဒမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းအဖြစ် ခန့်အပ်ခံရတဲ့သူတွေကိုလည်း Non-CDM တွေလို့ သတ်မှတ်ထားပြီး ပြစ်မှုအလိုက် ပြစ်ဒဏ်တွေပေးရမယ်လို့ ဆိုပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးတာနဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ အာဏာ ဖီဆန်ပြီး CDM လှုပ်ရှားမှုမှာ အစောဆုံးပါဝင်ခဲ့ကြသလို လက်ရှိမှာလည်း CDM ဝန်ထမ်းတွေထဲမှာ ပညာရေးနဲ့ ကျန်းမာရေးဌာနက အများဆုံးဖြစ်ပါတယ်။