ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာမှာ ဇွန် ၉ ရက် နေ့လယ်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူး တယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ အမည်မသိ အမျိုးသားနှစ်ယောက်က ဆိုင်ကယ်နဲ့ လာရောက် ခေါ်ဆောင်ပြီး သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်တယ်လို့ လုံးခင်းရွာသားတဦးက ပြောပါတယ်။
"နေ့လယ် ၁ နာရီလောက်က အမည်မသိအမျိုးသားနှစ်ယောက်က လုပ်ငန်းကိစ္စ စကားပြောမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ခေါ်သွားတယ်။ သိပ်မကြာဘူး သေနတ်သံ ကြားလိုက်ရတယ်။ သေနတ်သံကြားရပြီး လုံးခင်း သုသာန်နားမှာ အမျိုးသားတယောက်လဲကျနေတာ တွေ့လို့ သွားကြည့်တော့ အုပ်ကြီးဖြစ်နေတယ်။ ဘယ်အဖွဲ့က ပစ်လဲတော့ မသိဘူး။”
အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအဖွဲ့တွေကသူ့ရဲ့ နေအိမ်ကို ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။
ဖားကန့်မြို့နယ်မှာ ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်ကလည်း အမည်မသိသေနတ်သမားအဖွဲ့က မတ်လင်ချောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကျော် အပါအဝင် အမျိုးသား ၄ ယောက်ကို ပစ်သတ်ခဲ့သလို ၂၀၂၂ ခုနှစ် ဇွန်လ ၂၅ ရက်ကလည်း ဟောင်ပါးကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဖေကိုလည်း အမည်မသိ သေနတ်သမားအဖွဲ့က ပစ်သတ်ခဲ့ပါသေးတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာမှာတော့ စစ်ကောင်စီ စစ်ကြောင်းက လမ်းသွားလမ်းလာတွေကို စစ်ဆေးစဉ် ထွက်ပြေးခဲ့တဲ့ အမျိုးသားတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၈ ရက် နေ့လယ်က မိုင်းနောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအနီး စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာတဲ့ပြည်သူတွေရဲ့ တယ်လီဖုန်းတွေကို စစ်ဆေးနေစဉ် အမျိုးသားတယောက်က အစစ်ဆေးမခံပဲ ထွက်ပြေးခဲ့တဲ့အတွက် သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။
“နေ့လယ် ၁၂ နာရီလောက် စစ်တပ်က လမ်းသွားလမ်းလာတွေရဲ့ ဖုန်းကိုစစ်တယ်။ စစ်ဆေးနေတုန်း အဲ့ဒီတစ်ယောက်က အစစ်ဆေးမခံပဲ စစ်တဲ့သူကို တွန်းပြီး ထွက်ပြေးတယ်။ အဲ့ဒါကို စစ်တပ်က သေနတ်နဲ့ လှမ်းပစ်တာ သေသွားတယ်။”
သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားသူဟာ အသက် ၃၀ ကျော်အရွယ် ကိုသိန်းလင်း ဖြစ်ပြီး မိုင်းနောင်ကျေးရွာမှာ နေထိုင်သူ တစ်ဦးဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်ကလည်း မိုးညှင်းမြို့ ရွှေပေါက်ကံလမ်းဆုံမှာ စစ်ကောင်စီတပ် စစ်ကြောင်းလှည့်လာလစဉ် သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နွားကျောင်းနေသားတယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။