ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့၊ စည်ကားရပ်ကွက်မှာ ဇွန် ၈ ရက်က နေအိမ်ခြံဝင်းအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်သတ်ခံထားရတဲ့ အမျိုးသားနှစ်ယောက်ရဲ့ အလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်သတ်ခံခဲ့ရတဲ့ အမျိုးသားနှစ်ယောက်ဟာ မိုးဗြဲမြို့ စည်ကားရပ်ကွက် ၂ မှာ နေထိုင်တဲ့ ညီအစ်ကိုတွေဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က မြို့အဝင်အထွက် ပိတ်ထားတဲ့အတွက် ပိတ်မိနေခဲ့ရာက စစ်ကောင်စီက တွေ့ရှိပြီး သေနတ်နဲ့ပစ်သတ်ခဲ့တာကို ဇွန် ၉ ရက်မှာ အလောင်းတွေ ပြန်လည်တွေ့ရှိခဲ့တာပါ။
ဒေသခံတဦးက “မနေ့က အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲ စည်ကား ၂ က အရပ်သား ညီအစ်ကိုနှစ်ယောက်ကို အကြောင်းမရှိဘဲ ပစ်သတ်တာ။ ပိတ်မိပြီး ကျန်ခဲ့တဲ့ ညီအစ်ကိုနှစ်ဦး အလောင်းက ဒီကနေ့မှ ပြန်ရရှိတယ်” လို့ ပြောပါတယ်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က မြို့အဝင်အထွက်လမ်းတွေကို ပိတ်ထားတဲ့အပြင် စားနပ်ရိက္ခာ တင်သွင်းတာတွေကို ကန့်သတ်ထားသလို အကြောင်းမဲ့ ဖမ်းဆီးတာတွေရှိတယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြို့တွင်းမှာ ပိတ်မိနေသူတွေရှိနေပြီး ဆိုင်ကယ်နဲ့ ကား မရှိတဲ့ အခက်အခဲတွေအပြင် ခေါ်ယူသူမရှိဘူးလို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ဇွန်လ ပထမပတ်မှာ စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် မိုးဗြဲမြို့ပေါ်မှာ အရပ်သားပြည်သူ ၇ ဦး ထိမှန်သေဆုံးခဲ့သလို နှစ်ဖက်တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ရင် အခုလို မြို့အဝင်အထွက် ပိတ်ထားတဲ့အတွက် ထိခိုက်သေဆုံးမှု ပိုများနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။