Home
မြန်မာသတင်း
ပုလောမြို့နယ်တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး
DVB
·
June 9, 2023
351461587_782733149926293_638999284789757683_n

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာမှာ စစ်ကောင်စီတပ်က ဇွန် ၇ ရက် ညနေ ၅ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတဦး သေဆုံးခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီရဲ့ ပဝတ်ကုန်းစခန်းကနေ မင်းထိန်ရွာကို တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ၃ ချက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတဦးက “ဦးဖိုးချောင်းဟာ အသက် ၅၀ ဝန်းကျင်ရှိပြီး လက်နက်ကြီးအစစင်ပြီး သေဆုံးတာပါ။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ နေအိမ်ပျက်စီးမှု အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

“စကစဘက်က လက်နက်ကြီးပစ်တာက စိပ်လာတယ်။ ပြီးတော့ အသေအပျောက်က ဆက်တိုက်ဖြစ်လာတယ်ဆိုတော့ ရွာသားတွေက ဥယျာဉ်တွေထဲနေလိုက် အိမ်မှာ ပြန်လာနေလိုက်နဲ့ လုပ်နေတယ်။ အခုထိတော့ နေအိမ်စွန့်ခွာပြေးတာမျိုးတွေ မလုပ်ကြသေးပါဘူး။ ရွာသားတွေကတော့ လက်နက်ကြီးပစ်ခတ်တာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေတယ်” လို့ မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁ ရက် နေ့လယ် ၁၂ နာရီလောက်က ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတဦး သေဆုံးကာ ၁၅ နှစ်အရွယ် ကလေးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024