ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းရာကနေ အားအလွန်ကောင်းတာကြောင့် ဇွန် ၈ ရက်ကနေ ၁၃ ရက်အတွင်း နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ၇ ခု၊ ရှမ်း၊ ရခိုင်၊ ချင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလဌာနက ဒီနေ့ ဇွန် ၈ ရက်မနက်မှာ ထုတ်ပြန်ထားပါတယ်။
မုတ်သုံလေ အားကောင်းတာကြောင့် တချို့နေရာတွေမှာ မိုးကြီးကာ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်ပြီး ရုတ်တရက် ရေကြီး မြေပြိုတာ စတဲ့ သဘာဝဘေး ကြုံတွေ့နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ် ချောင်းငယ်အနီး နေထိုင်ကြသူတွေ ရေကြီးမှုအန္တရာယ် သတိထားကြဖို့ မိုးဇလက သတိပေးထားပါတယ်။
ဒါ့အပြင် ရခိုင်ကမ်းရိုးတန်းအနီးမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဇွန် ၈ ရက် မနက် ၃ နာရီမှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း (မုန်တိုင်းငယ်) အဖြစ် ရောက်ရှိပြီး မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း (Tropical Cyclone) အဖြစ် ဆက်လက်အားကောင်းလာမယ်လို့ မိုးလေဝသသုတေသီ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း (Tropical Cyclone-TC) အဖြစ် ကုန်းတွင်းကို ဝင်ရောက်နိုင်မယ့်နေရာက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်လို့ ခန့်မှန်းထားပြီး ကုန်းတွင်းဝင်ရောက်စဉ် ဗဟိုဖိအား ၉၉၇ ဟက်တိုပါစကယ်၊ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၄၆ မိုင်နှုန်းနဲ့ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းဟာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအထိ မရောက်နိုင်တာကြောင့် မုန်တိုင်းဒီလှိုင်းရိုက်ခတ်မယ့် အခြေအနေ မရှိသလောက်ဖြစ်နေပြီး အထူးစိုးရိမ်စရာ မရှိဘူးလို့ ဦးဝင်းနိုင်က ပြောထားပါတယ်။
မုန်တိုင်း ကုန်းတွင်းဝင်ရောက်မယ့်ချိန် ရခိုင်ပြည်နယ် မြေပုံ၊ စစ်တွေ၊ ရသေ့တောင်မြို့နဲ့ အဲဒီဝန်းကျင်က မြို့တွေမှာ လေပြင်း တနာရီ မိုင် ၄၀ ကနေ ၅၀ လောက် တိုက်နိုင်ပြီး မိုးသည်းထန်စွာရွာမယ့် အခြေအနေကိုပဲ ကြိုသတိထားကြဖို့ သတိပေးထားပါတယ်။
မိုးဇလဌာနရဲ့ ဇွန် ၈ ရက် ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ၊ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတို့ကို ဝင်ရောက်ခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုခါမုန်တိုင်း နောက်ဆက်တွဲကြောင့် ရေကြီးမှုဘေးအန္တရာယ် ကြုံတွေ့ခဲ့ရတဲ့ မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့ အနီးတဝိုက်က ရေဘေးသင့် ကျေးရွာတွေဟာ အခုလို မုတ်သုံလေ အားကောင်းတဲ့အချိန် တနိုင်ငံလုံး နေရာအနှံ့ မိုးကြီးနိုင်တာကြောင့် ဆင်ဖြူကျွန်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဆင်ဖြူကျွန်း ဒေသခံတယောက်က “မုတ်သုံလေ အားကောင်းတယ်ဆိုတော့ ကျနော်တို့ ဆင်ဖြူကျွန်းက ဒေသခံတွေ စိုးရိမ်စိတ် တော်တော်များတယ်။ အများကြီးပြင်ဆင်ထားတယ်။ ပြင်ဆင်ထားတယ်ဆိုတာ ရွာနီးပတ်ချာလည်မှာ ကျနော်တို့ သတိပေးချက်တွေ ဆက်တိုက် ဆက်တိုက် လုပ်နေတယ်။ နောက်ထပ် ဖြစ်ပွားမှု နည်းပါးအောင် လိုက်လံပြီးတော့ သတင်းတွေ ကြေညာပေးတယ်။ အများဆုံးပြင်ဆင်တာတော့ ကုန်သည်ပွဲစားတွေ၊ ဈေးသည်တွေ၊ မြို့ခံတွေ ပြင်ဆင်နေကြတယ်။ တခုခုဆို ထိတ်လန့်မှုတွေ၊ ကြောက်လန့်မှုတွေ ဖြစ်ပေါ်နေတယ်။”
“ပြီးတော့ တောင်သူတွေက ပိုခက်ခဲတယ် ပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ ဆင်ဖြူကျွန်းမြို့ မြောက်ဘက်မှာ အာလူးစိုက်ခင်းတွေ အများကြီးရှိတယ်။ ပဲနှောက်ခင်းတွေ၊ ပဲခင်းတွေလည်း ရှိတယ်။ မိုခါမုန်တိုင်းကြောင့် ချောင်းရေတက်တော့ မြေဆီလွှာတွေက ပျက်စီးသွားတယ်။ အခု စိုက်ခင်းတွေဆို သဲတွေ ခဲတွေနဲ့ လုံးဝကို စိုက်မရအောင် မြေဧကတွေ ပျက်စီးသွားတယ်။ ပြန်လည်စိုက်ပျိုးဖို့ အခြေအနေ အရမ်းခက်ခဲနေတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
မိုခါမုန်တိုင်းနဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေကြောင့် နွယ်တမယ်ချောင်းလို့ လူသိများတဲ့ စလင်းချောင်းမှာ ရေကြီးမှုဒဏ် ဆိုးဆိုးဝါးဝါးခံရတာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးဖြစ်ပြီး ရေကြီးမှုကြောင့် ရွာတွေမှာ ပဲတီစိမ်းနဲ့ နှမ်းစိုက်ခင်းတွေ ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
စလင်းချောင်း ရေကြီးမှုကြောင့် ဆင်ဖြူကျွန်းမြို့နယ်အတွင်းက ကျေးရွာ ၅၀ ကျော်၊ အိမ်ထောင်စု ၆,၁၈၃ စု၊ အိမ်ခြေပေါင်း ၅,၉၉၃ အိမ်နဲ့ လူဦးရေ စုစုပေါင်း ၂၆,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး လက်ရှိမှာတော့ မြို့မိမြို့ဖတွေနဲ့ ပြည်သူတွေ ဝိုင်းဝန်းကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။