Home
မြန်မာသတင်း
ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ရွာသား ၈ ဦးကို အကြမ်းဖက် သတ်ဖြတ် 
DVB
·
June 8, 2023
351775059_560426499589316_3916258492898175675_n

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ခံသာတိုက်နယ်ကို စစ်ကောင်စီတပ်က  ဝင်ရောက်စစ်ကြောင်း ထိုးကာ ဖမ်းဆီးသွားတဲ့  ရွာသား ၁၆ ယောက်ထဲက  ၈ ယောက်ကို အကြမ်းဖက် သတ်ဖြတ်သွားခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မေလ ၂၈ ရက်နေ့မှာ ကျောက်တန်းရွာသစ်ဖုတောင်ကုန်းကို စစ်ကြောင်းထိုး စတင်ရောက်ရှိလာပြီး ၅ ရက်အတွင်း ကောလင်းခရိုင် တပ်ရင်း-၁ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

စစ်ကြောင်းကာလအတွင်း ခံသာတိုက်နယ်မှ ဖမ်းဆီးခံရတဲ့ အရပ်သား ပြည်သူ  ၁၆ ဦးရှိခဲ့ပြီး ဒီအထဲက လက်ရှိအချိန်ထိ ၅ ဦးပြန်လည်လွတ်မြောက်ခဲ့ပေမဲ့  ၈ ဦးကိုတော့ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

Kawlin Revolution-KR ရဲ့ပြောရေးဆိုခွင့်ရှိသူက “ အသတ်ခံရတဲ့ပြည်သူတွေကို ဇွန်လ ၅ ရက်နေ့မှာ တွေ့ရှိခဲ့တာပါ။ မိသားစုဝင်တွေလည်းသေဆုံးကြောင်း သိပြီးပါပြီ။ ပြည်သူတွေကို စစ်ကြောင်းရှိနေရင် ဝေးဝေးနေပေးပါ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ချပ်ကုန်းရွာမှ ကိုဆန်းဦး၊ မောင်ဝင်း (သေဆုံးအတည်မပြုနိုင်သေး)၊ အင်းယားရွာမှ ကိုတင်လွင်အောင် (သေဆုံးအတည်မပြုနိုင်သေး)၊ ဘန့်ဘွေးကုန်းရွာမှ ကိုဖိုးဆိုး (သေဆုံးအတည်မပြုနိုင်သေး)၊ မုတ်ဝရွာမှ ကိုဝင်းဗိုလ်၊ ကိုဆန်းဦး၊ ကိုဝင်းနိုင်၊ ကိုဇော်မင်း ၊ကိုဇော်ဦး ၊ကိုမိုမိုနဲ့ ဖက်ခါးကုန်းရွာမှ ကိုဆန်းလင်း တို့ဖြစ်ကြပါတယ်။

အသတ်ခံရတဲ့သူတွေထဲက ဖက်ခါးကုန်းရွာသား ကိုဆန်းလင်း(ခ) ဆင်မင်းဟာ ရပ်ကျေးပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး မုတ်ဝရွာသား ၆ ယောက်ကတော့ တစုတည်း ဖမ်းဆီးခေါ်ဆောင်ခံရကာ တနေရာထဲမှာ လက်စဖျောက်အသတ်ခံရကာ သစ်ဖုလှတောင်ဘက် တစ်ဆူတောင်အနီးသစ်တောထဲမှာ  အလောင်းတွေ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

သတ်ဖြတ်ခံရသူတွေမှာ  ရွှေတချို့နဲ့ ငွေသားအများပြားပါဝင်သွားခဲ့ကြကာ လက်ဗလာနဲ့ပြည်သူအ ချို့ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ Kawlin Revolution-KR က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024