Home
မြန်မာသတင်း
ဗန်းမောက်အနောက်ခြမ်းကို စစ်ကောင်စီက ရက်ဆက်စစ်ကြောင်းထိုး၊ တိုက်လေယာဉ်ဖြင့်ဗုံးကြဲ
DVB
·
June 7, 2023
352381600_125110440567852_5879394355591987052_n

စစ်ကိုင်းတိုင်း အထက်ပိုင်း ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာကနေ ကနန်းတိုက်နယ်ဘက်ကို စစ်တပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ မေ ၄ ရက်နေ့က စတင်စစ်ကြောင်းထိုးပြီး မေ ၅ ရက်နဲ့ ၆ ရက်နေ့တွေက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နောင်ကန်ကျေးရွာပတ်ဝန်းကျင်မှာ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။

စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗန်းမောက်မြို့နယ် ပ.က.ဖ တာဝန်ခံက ပြောပါတယ်။

“လွန်ခဲ့တဲ့ မေ ၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ အဲဒီနောင်ကန်ဘက်ကို ဗုံးချသွားတယ်၊ တိုက်ပွဲဖြစ်ပွားတဲ့ အနီးတဝိုက်ကိုပဲ။ တိုက်ပွဲတွေလည်း ၅ ရက်နေ့ကော ၆ ရက်နေ့ကော တိုက်ပွဲတွေဖြစ်နေတယ်။ ၆ ရက်နေ့မှာလည်း လေယာဉ်နဲ့ မနက်ပိုင်း လာပစ်သွားတယ်၊ တိုက်ပွဲဖြစ်ပွားတဲ့ နေရာဝန်းကျင်ကိုပဲ တိုက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။” 

ကြောင်လည်ရွာမှာ အခြေချတဲ့ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဖွဲ့က နောင်ကန်ရွာ ပတ်ဝန်းကျင်ကို ဝင်ရောက်လာတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာလို့ သိရပါတယ်။

အခုလို စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေ ကနန်းတိုက်နယ်ဘက်ကို စစ်ကြောင်းထိုးလာတာဟာ SNA ရဲ့ ထိန်းချုပ်နယ်တိုးချဲ့ဖို့နဲ့ အင်အားကြီးထွားလာအောင်ပြုလုပ်ပေးဖို့ နယ်မြေတွေကို ချိတ်ဆက်ဖို့အတွက် တိုက်ခိုက်လာတယ် ယူဆရကြောင်း ဗန်းမောက် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

“သူတို့ (စကစ/SNA) မထိန်းချုပ်ထားတဲ့ ဒေသကို ပြန်ထိုးလာတာဆိုတော့ SNA ကို အင်အားတောင်းတင်းလာအောင်၊ ထိန်းချုပ်နယ်မြေတွေ များလာအောင်လုပ်တာတွေ၊ ပြီးတော့ နယ်မြေတွေ တခုနဲ့ တခုကို ချိတ်ဖို့ပေါ့။ ဟုမ္မလင်းဘက်တွေ၊ တခြားသူတို့ SNA တွေရှိတဲ့ ဒေသတွေကို ချိတ်ဆက်ဖို့ပေါ့၊ နောက်ပြီး ဗန်းမောက် အနောက်ကြောကို PDF တွေ ERO တွေကို အဆက်အသွယ်ဖြတ်ချင်တဲ့အနေနဲ့လုပ်နေတာလို့ သုံးသပ် ယူဆရတာပေါ့။” 

နှစ်ဖက်တိုက်ပွဲအတွင်း ဗန်းမောက်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတာကြောင့် နောင်ကန်အပါအဝင် ကျေးရွာ ၃ ရွာက အိမ်ထောင်စု ၃၀၀ ဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့နယ် အနောက်ခြမ်းမှာ မေ ၇ ရက်နေ့မှာတော့ တိုက်ခိုက်မှုတွေ ငြိမ်နေပြီး ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024