ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ထဲက အင်းစိန်အကျဥ်းထောင်နားမှာ ဇွန် ၆ ရက် မနေ့ည ၉ နာရီလောက်က အကျဥ်းထောင်ပတ်ချာလည်နဲ့ လုံခြုံရေးအဖွဲ့တွေ ကင်းလှည့်နေတဲ့ နေရာတွေကို ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်းစိန်ထောင်ရဲ့ ဂိတ်တခုဖြစ်တဲ့ မင်းစေတီဘေးဝင်ပေါက်အနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ၅ မိနစ်၊ ၁၀ မိနစ်အကြာမှာ ဒုတိယအလုံးနဲ့ တတိယဗုံးတို့ ပေါက်ကွဲခဲ့ကာ ၂ လုံးကို စစ်တပ်က တွေ့ရှိခဲ့တဲ့အတွက် သေနတ်ပစ်ဖောက် ခြောက်လှန့်မှုတွေ ၅ မိနစ်ခန့်ပြုလုပ်ကာ အသွားအလာ ပိတ်ထားပြီး ဒီမနက် ၈ နာရီခွဲလောက်မှာတော့ ပြန်ဖွင့်လိုက်ပြီလို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အနီး ရပ်ကွက်က အမည်မဖော်လိုသူ အမျိုးသမီးတဦးက ပြောပါတယ်။
“ည ၉ နာရီလောက်က ပေါက်ကွဲသံကြားတာပဲ။ တလုံးနဲ့ တလုံးကို မိနစ်အနည်းငယ်ပဲ ကြာတယ်။ ခဏနေတော့ သေနတ်သံတွေ ထွက်လာတယ်။ ပေါက်ကွဲသံတွေက ကျယ်တော့ အိမ်တွေပါ တုန်သလိုဖြစ်သွားတယ်ရှင့်။ အင်းစိန်ထောင်က ဂိတ်လေးခုရှိတဲ့ ညကဖြစ်တာက မင်းစေတီဘက်၊ ရပ်ကွက်နဲ့လည်းနီးတယ်။ ဟိုးတလောတွေက မကြာခဏ ဗုံးလာလာချခံရတဲ့နေရာပါ။ ပြီးတော့ အဲ့နား စစ်တပ်က တပြုံကြီးပဲ။ အရင်ကဆို တပ်က ရွာမဓာတ်အားပေးရုံထဲ လာနေရင်နေ၊ မဟုတ်ရင် GTI ဘက် လာနေတယ်။ ခုနောက်ပိုင်းတော့ ထောင်ပတ်ချာလည်မှာ အမြဲတမ်း တပ်စွဲနေတာပဲ။”
အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့က ပြုလုပ်တာလဲ ဆိုတာကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေကနေ ထုတ်ပြန်ထားတာမျိုး မတွေ့ရသေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အင်းစိန်အကျဥ်းထောင်အနီး ဗုံးကွဲမှုဖြစ်ပွားပြီး မကြာခင်မှာပဲ ဒဂုံ(အရှေ့) နဲ့ လှိုင်သာယာမြို့နယ်တွေမှာ ပေါက်ကွဲမှု အသေးစားတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။